နေပြည်တော် ၃၁ မတ်
တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်) ၁၁ နှစ်ပြည့်နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဂီတဖျော်ဖြေပွဲနှင့် ဈေးရောင်းပွဲတော်ကို နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းကျေးရွာအနီး၊ ရန်ကုန်- မန္တလေးကားလမ်း အရှေ့ဘက် မိုင်တိုင်အမှတ် (၂၅၆/၁) နှင့် (၂၅၃/ဝ) အကြားရှိ တိရစ္ဆာန်ဥယျာဉ်အတွင်း ယနေ့ကျင်းပရာ လာရောက် အပန်းဖြေ လေ့လာသူများဖြင့် စည်ကားလျက်ရှိသည်။
ယနေ့နံနက်ပိုင်းက ကျင်းပသည့် တိရစ္ဆာန်ဥယျာဉ်နေပြည်တော် ၁၁ နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ် ဂီတဖျော်ဖြေပွဲတွင် ငြိမ်းချမ်းရေးဂီတပွဲတော်မှ တေးသံရှင်များဖြစ်သည့် မေသူကျော်၊ A ဒေးနှင့် R ဝါလင်းတို့အပြင် အနုပညာရှင်များက တေးသီချင်းများဖြင့် ဖျော်ဖြေကြသည်။
ထို့အပြင် နှစ်ပတ်လည်အထိမ်းအမှတ် ဥယျာဉ်အတွင်း လာရောက်လည်ပတ်သူများအတွက် ဂိမ်းကစားပွဲများ၊ ကံစမ်းမဲအစီအစဉ်များကိုလည်း ပြုလုပ်ခဲ့ပြီး တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်)အမှတ် တံဆိပ်ပါ လက်ဆောင်ပစ္စည်းများနှင့် အရုပ်များ ပေးအပ်ခဲ့သည်။
အလားတူ ဆင်စီး၍ တိရစ္ဆာန်ဥယျာဉ်အတွင်း လည်ပတ်ခြင်း၊ ဆင်လိမ္မာကပွဲများကိုလည်း ပြသပေးရာ တစ်ဦးလျှင် ငွေကျပ် ၅၀ဝ၀ နှုန်းဖြင့် ဆင်စီးနင်းသူများလည်းရှိပြီး ဆင်လိမ္မာကပွဲကိုလည်း အထူးနှစ်ခြိုက်အားပေးကြသည်ကို တွေ့ရှိရသည်။
“၁၁ နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ ကျွန်တော်တို့က အရင်နှစ်တွေနဲ့ မတူအောင် ဖျော်ဖြေရေးအစီအစဉ်တွေ ထည့်ပေးထားပါတယ်။ ဖျော်ဖြေရေးပိုင်းမှာ ငြိမ်းချမ်းရေးဂီတပွဲတော်မှ Top Finalist က ပြိုင်ပွဲဝင်တွေရယ် နောက်ပြီး Dancer ကမယ့်သူတွေလည်း ခေါ်ထားပါတယ်။ ဖျော်ဖြေပွဲပြီးသွားရင်လည်း ဆင်ကပွဲကို အခမဲ့ ပြသမှာဖြစ်ပြီး ညနေပိုင်းကျရင် မဲဖောက်ပေးမယ့် အစီအစဉ်ရှိပါတယ်။ ပြီးတော့ ဒီနေ့မှာ လာပြီး အပန်းဖြေမယ့်သူ ၃၀ဝ၀ လောက်ဝင်မယ်လို့ခန့်မှန်းထားပါတယ်။ အခုနှစ်ပတ်လည်အပြင် မကြာခင်မှာ သင်္ကြန်အကြိုရက်ကစပြီး နှစ်ဆန်း ၁ ရက်နေ့အထိ ရေကစားသူတွေ လာရောက်အပန်းဖြေလို့ရအောင် အထူးအစီအစဉ်တွေနဲ့ ဈေးရောင်းပွဲတော်တွေ လုပ်ဖို့လည်း စီစဉ်ထားပါတယ်။ လာလည်တဲ့သူတွေအတွက် စတုဒိသာကျွေးမွေးဖို့အတွက်လည်း တစ်ရက်နဲ့တစ်ရက်မတူအောင် စီစဉ်ထားပါတယ်” ဟု တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်) မှ ဈေးကွက်တာဝန်ခံ ဦးဖြိုးထက်အောင်က ပြောကြားသည်။
နိုင်ငံတော်အစိုးရ၏ ဦးစီးမှုဖြင့် တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်)ကို ၂၀ဝ၈ ခုနှစ် မတ် ၂၆ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ရာ ယခုနှစ် မတ် ၂၆ ရက်တွင် (၁၁)နှစ်ကာလ ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်)ကို လာရောက်ကြသည့်ပြည်သူများ အပန်းပြေပျော်ရွှင်စေရန်နှင့် ဗဟုသုတရစေရန်၊ ကျောင်းသားကျောင်းသူများ သတ္တဗေဒနှင့် ရုက္ခဗေဒဆိုင်ရာ ပညာရပ်များ လေ့လာသင်ယူရာတွင် အထောက် အကူဖြစ်စေရန်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများကို အထောက်အကူဖြစ်စေရန်၊ သုတေသန လုပ်ငန်းများ ဆောင်ရွက်ရန်နှင့် သဘာဝကိုအခြေခံသော ခရီးသွားလုပ်ငန်းကို အထောက်အကူ ဖြစ်စေရန်အတွက် ရည်ရွယ်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။
ဥယျာဉ်ဝင်ကြေးအဖြစ် လူကြီး ၁၀ဝ၀ ကျပ်၊ ကလေး ၅၀ဝ ကျပ်နှင့် နိုင်ငံခြားသားအတွက် ဒေါ်လာ ၁၀ 10 $ သတ်မှတ်ထားပြီး ဥယျာဉ်အတွင်း လာရောက်လည်ပတ်သူများအား နားနေဆောင်များ၊ ဥယျာဉ် ကားများ၊ ကလေးများဆော့ကစားရန် ကစားကွင်းများစီစဉ်ပေးထားခြင်း၊ ရုံးပိတ်ရက်နှင့် အခါကြီးရက်များအတွင်း တိရစ္ဆာန်လိမ္မာများ ပြသဖျော်ဖြေပေးခြင်းနှင့် အပျော်စီးရေယာဉ်များ စီးနင်းနိုင်အောင် ဆောင်ရွက်ပေးထားသည်။
အထူးသဖြင့် တိရစ္ဆာန်ဥယျာဉ်အတွင်း လာရောက်လည်ပတ်သူများမှာ ပင်ဂွင်း၊ သစ်ကုလားအုပ်နှင့် ခြင်္သေ့ဖြူကို စိတ်ဝင်စားမှု အများဆုံးဖြစ်ပြီး ၁၁ နှစ်အတွင်း ထူးခြားမှုမှာ ပင်ဂွင်းသားပေါက်ခြင်းဖြစ်ပြီး တိရစ္ဆာန်ဥယျာဉ် အတွင်း လာရောက်အပန်းဖြေခြင်းအပြင် တိရစ္ဆာန်များ၏ နေထိုင်ပုံနှင့် အလေ့အထများ ကို သိရှိနိုင်ရန် ဗဟုသမျှဝေခြင်း အစီအစဉ်များအပြင် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေးအတွက် အသိပညာပေး ဟောပြောပွဲ များကိုလည်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - ဝေသူနွယ်(မြန်မာ့အလင်း)
ဓာတ်ပုံ - သီဟစည်သူ


