ရန်ကုန်  ၃၁   မတ်   

 

မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်က ကြီးမှူးပြီး Sai Zaw Zaw Group က စီစဉ်ကျင်းပမည့် မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကြီးကို ယနေ့မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ သိမ်ဖြူရိုးရာ လက်ဝှေ့အားကစားရုံ၌ ကျင်းပရာ အထူးစိန်ခေါ်ပွဲအဖြစ် ယှဉ်ပြိုင်ထိုးသတ်သည့် မြန်မာနိုင်ငံ ချန်ပီယံဟောင်း ထွန်းထွန်းမင်းနှင့် ထိုင်း လက်ဝှေ့ကျော် ထာနီလစ်တို့ပွဲတွင် ထွန်းထွန်းမင်းက စတုတ္ထအချီတွင် ထာနီလစ်ကို အလဲထိုးဖြင့် အနိုင်ရခဲ့ သည်။     

 

ထွန်းထွန်းမင်း(မြန်မာ)နှင့် ထာနီလစ်(ထိုင်း)တို့ပွဲတွင် ပွဲစသည်နှင့် အိမ်ရှင် ရိုးရာလက်ဝှေ့ချန်ပီယံ ဟောင်း ထွန်းထွန်းမင်းက ထာနီလစ် အား တရစပ်လိုက်လံ ထိုးသတ်ခဲ့သည်။ အထူးသဖြင့် ယှဉ်ပြိုင်ထိုးသတ်ရင်း နှစ်ယောက်အပူးတွင် ထုံစံအတိုင်း ထွန်းထွန်းမင်းက ပင့်လက်သီး၊ ထောက်လက်သီးများအပြင် ခေါင်းများ ဖြင့်ပါ တရစပ်တိုက်ခိုက်ခဲ့သဖြင့် ထာနီလစ် ကြမ်းပြင်ပေါ်သို့ အကြိမ်ကြိမ်လဲပြိုကျခဲ့သည်။ သို့သော် လက်ဝှေ့ သမ္ဘာ့ရင့် ထိုင်းလက်ဝှေ့ကျော် ထာနီလစ်သည် ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းနှင့်အညီ ဒုတိယအချီတွင် အနား တောင်းခဲ့ပြီး   ဆက်လက်ယှဉ်ပြိုင်ထိုးသတ်ခဲ့သော်လည်း အချိန်နှင့်အမျှ အထိနာခဲ့သည်။ ထွန်းထွန်းမင်းက လည်း တစ်ဘက်ကစားသမား အားနည်းချက်၊ အားသာချက်များကို အခွင့်ကောင်းယူကာ တရစပ်လိုက်လံထိုး သခဲ့သဖြင့် အသည်းမာ ဇွဲပါလှသော ထိုင်းလက်ဝှေ့ကျော် ထာနီလစ် စတုတ္ထအချီ ၁ မိနစ် ၃၃ စက္ကန့်တွင် ဆက် လက်ယှဉ်ပြိုင်ထိုးသတ်နိုင်စွမ်းမရှိတော့ဘဲ ထွန်းထွန်းမင်းကို အလဲထိုးဖြင့်အရှုံးပေးလိုက်ရသည်။ 

 

အခြားရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲများတွင် ဗျဂ္ဃ(မြန်မာ)က ကရင်လေး(TKO)ကို တတိယအချီ ၁ မိနစ် ဝ၆ စက္ကန့်တွင် အလဲထိုးဖြင့်လည်းကောင်း၊  စောမူထော်ဂေး(မြန်မာ)က နာထဝပ်(ထိုင်း)ကို ဒုတိယအချီ ၁ မိနစ် ၂၂ စက္ကန့်တွင် အလဲထိုးဖြင့်လည်းကောင်း၊ ဒိုးလေး(ရိုးရာပုဂံ)က စည်သူအောင်(ရွှေဘားလား)ကို  တတိယအချီတွင် ဆေးရှုံးဖြင့် အနိုင်ရခဲ့ပြီး၊ ကျားဗဟိန်း(ခြင်္သေ့မင်း)နှင့် ကိုကိုအောင်(တောင်ဇလပ်)ပွဲတို့တွင် စတုတ္ထအချီ၌ ကျားဗဟိန်းက အလဲထိုးဖြင့် အနိုင်ရခဲ့သည်။  ထို့အပြင် အခြားစိန်ခေါ်ပွဲများဖြစ်သည့် ကြယ်စင်ထွန်း(အဖြူရောင်သွေးသစ်)နှင့် အံဘွား (ကျားဖြူ) တို့ပွဲတွင် ပထမအချီ၌ အံဘွား ပင့်ထောက် လက်သီးများဖြင့် တရစပ်လိုက်လံထိုးသတ်မှုကြောင့် ကြယ်စင်ထွန်း အနားတောင်းခဲ့ရသော်လည်း လေးချီပြည့်သည်အထိ တစ်ဘက်နှင့်တစ်ဘက် အသည်းမာဇွဲပါလှစွာ ယှဉ်ပြိုင်ထိုးသတ်ခဲ့၍ အရှုံး/ အနိုင်မ ပေါ်ဘဲ  သရေပွဲဖြစ်ခဲ့သည်။ တဖန် ကျွဲကြီး(ဟူးကောင်းကျား)နှင့် ရွှေဝင်း (A M T -2)ပွဲတွင် ရွှေဝင်းက အလဲထိုးဖြင့် အနိုင်ရခဲ့ပြီး ဆလိုင်းချမ်းမြေ့ကို (ရွှေဘားလား)နှင့် ရဲသွေးအောင်(အဖြူရောင်သွေးသစ်)တို့ပွဲ တစ်ဘက်နှင့်တစ်ဘက် ရေကုန်ရေခန်း ယှဉ်ပြိုင်ထိုးသတ်ခဲ့သော်လည်း အရှုံး/အနိုင်မပေါ်ဘဲ အလူးအလဲနှင့် ပူးတွဲသရေကျခဲ့သည်။ 

 

ယနေ့ယှဉ်ပြိုင်ထိုးသတ်ခဲ့သော ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကြီးကို CANAL+ မှ တိုက်ရိုက်ထုတ်လွှင့် ပြသခဲ့ ပြီး အခြား မျိုးဆက်သစ်ပွဲစဉ်များလည်း ထည့်သွင်းကျင်းပခဲ့သည်။ ပါဝင်ယှဉ်ပြိုင်ထိုးသတ်ခဲ့သည့် ကလပ် အသင်းများကိုလည်း ပြိုင်ပွဲကျင်းပရေးအဖွဲ့မှ ရိုးရာလက်ဝှေ့လေ့ကျင့်ရေးသုံး ပစ္စည်းများကို ကူညီထောက်ပံ့ ပေးခဲ့သည်။ 

 

သတင်းမြင်ကွင်း-မောင်စိန်လွင်(မြန်မာ့အလင်း)၊ 
ဓာတ်ပုံ- မင်းထက်

 

23