ရန်ကုန် ၃၁ မတ်
ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ စနေ၊ တနင်္ဂနွေစာအုပ်လမ်း၏ စာအုပ်ရောင်းရာသီ နောက်ဆုံးနေ့တွင် ဇာတ်ညွှန်းစာအုပ်မိတ်ဆက်ပွဲ၊ စာပေဟောပြောပွဲ၊ စာပေပဟေဠိများဖြင့် တစ်နှစ်တာစာအုပ်ရောင်းချပွဲကို ပြီးဆုံးခဲ့သည်။
ယနေ့နံနက်ပိုင်းတွင် မူရင်းဝတ္ထု-လင်္ကာရည်ကျော်ကို ရည်ညွှန်းရေးသားထား သော ကောင်းဆုသာစာပေမှထုတ်ဝေသည့် အကယ်ဒမီမြင့်ဦးဦးမြင့်၏ ၂၀ဝ၉ခုနှစ် အကောင်းဆုံးရုပ်ရှင်ဇာတ်ညွှန်းထူးချွန်ဆုရ ''ကြိုးကြာတောင်ပံခတ်သံ'' ဇာတ်ညွှန်း စာအုပ် မိတ်ဆက်ပွဲတွင်” အားပေးတက်ရောက်ဆွေးနွေးကြသည့် ဒါရိုက်တာ ဆရာ ကြည်စိုးထွန်းက ဇာတ်ညွှန်းမှာ ရည်ညွှန်းနှင့်ကိုယ်ပိုင်ရေး ဇာတ်ညွှန်းနှစ်မျိုးရှိပြီး၊ ရည်ညွှန်းဇာတ်ညွှန်းမှာ လိုသည့်အရာကိုဖြည့်ရေး မလိုအပ်သည်ကိုဖြုတ်ကာရေးရ ကြောင်း၊ ဒါရိုက်တာ ဆရာမောင်ဗေဒါက ကဗျာတစ်ပုဒ် ရွတ်ဆိုဂုဏ်ပြုပေး၊ ဆရာ ဦးဝင်းငြိမ်းက အကယ်ဒမီကားများတင်ရာတွင် ဇာတ်ညွှန်းများကိုပါ တင်ပြပေးရန် တိုက်တွန်းစေလိုပါကြောင်း၊ ဇာတ်ညွှန်းသင်တန်းနည်းပါးသည့် မြန်မာနိုင်ငံတွင် ဇာတ်ညွှန်းဝါသနာရှင်များအတွက် စာအုပ်ကောင်းဖြစ်ကြောင်း ပြောကြားသည်။
မွန်းလွဲ ၁ နာရီတွင် ဆရာမောင်ကြည်သစ် ၏ "Novelist as Philosopher" ခေါင်းစဉ်ဖြင့် စာပေဟောပြောပွဲနှင့် မွန်းလွဲ ၃ နာရီတွင် အလှမယ်ဂုဏ်ရည်အေးကျော် က "မေးကြည့်ဖြေကြည့်စာအုပ်ပဟေဠိ" ကဏ္ဍတွင် ပါဝင်ကူညီပြီး အဖြေမှန်သူများကို ကံ့ကော်ဝတ်ရည်စာအုပ်တိုက်မှ စာပေဘောက်ချာလက်ဆောင်များအား ပေးအပ်ချီးမြှင့်သည်။
တောင်ဥက္ကလာပမြို့နယ် လင်းရောင်ခြည်စာကြည့်တိုက်မှူးက “ဒီနေ့ ကလေး တွေအတွက် စာအုပ်တစ်သိန်းခုနှစ်သောင်းဖိုးဝယ်သွားတယ်၊ အရင်နှစ်တွေကလည်း ဝယ်တယ်၊ ကလေးတွေ နွေကျောင်းပိတ်ချိန်ဖတ်ဖို့ ကလေးစာအုပ်အများစုဝယ် ဖြစ်ပါ တယ်။ ညနေ ၄ နာရီမှ ၁၀ နာရီအထိ စာကြည့်တိုက်ကိုနေ့စဉ်ဖွင့်ပေးတယ်၊ နံနက် ၁၀ နာရီမှာ စာစောင်တွေ၊ သတင်းစာတွေအားလုံးကို အဆင်သင့်ပြင်ထားပေးပါတယ်” ဟု ပြောသည်။
စာအုပ်ပဟေဠိကဏ္ဍတွင် ကဗျာဆရာ၊ စာရေးဆရာကြီးများ၏ အတ္ထုပ္ပတ္တိများ၊ ဝတ္ထုအမည်၊ ကလောင်ခွဲအမည်၊ ဝတ္ထုတွင်ပါဝင်သည့် ထူးခြားချက်များ၊ ရုပ်ရှင်ရိုက်ကူး ခဲ့သည့်ဝတ္ထုအမည်များကို ထည့်သွင်းမေးမြန်းလေ့ရှိသည်။
ရန်ကုန်စာအုပ်လမ်းတွင် အပတ်စဉ် တနင်္ဂနွေနေ့၏ စာအုပ်ပဟေဠိကဏ္ဍတွင် လာရောက်ဖြေဆိုသူ ပုစွန်တောင်မြို့နယ်မှ ဦးမင်းထွန်းက “ကျနော် ပထမအကြိမ် စာအုပ်ပဟေဠိ မေးတုန်းက မဖြေမိခဲ့ဘူး၊ လာမေးတဲ့ စာအုပ်တိုက်တွေက Quality စာအုပ်တိုက်၊ ထိန်လင်း၊ ဂျာနယ်ကျော်မမလေး၊ စိတ်ကူးချိုချို၊ သီဟရတနာ၊ နေရီရီစာအုပ်တိုက်၊ ကံ့ကော်ဝတ်ရည်စာအုပ်တိုက်တွေကပါ၊ တချို့မေးခွန်းတွေက ဖြေပြီးသားလူဆို တခြားသူကို ပေးဖြေရတယ်၊ အခု စာအုပ်ပဟေဠိရဲ့ မေးခွန်းတွေက နည်းနည်း ခက်လာတယ်၊ ဒီ စာအုပ်ပဟေဠိကဏ္ဍက အဖြေမှန်လို့ စာအုပ်ရတာ (၁၃) အုပ်ရှိပြီ၊ ရတဲ့စာအုပ်တွေက ဦးဝင်းတင်ရဲ့ ဘာသာပြန်နာမည်ကြီးစာအုပ် ကွိ၊ ဆရာကြီးပီမိုးနှင်း ဝတ္ထု၊ ဆရာပါရဂူ၊ ဒဂုန်ခင်ခင်လေး၊ ဂျာနယ်ကျော်မမလေးတို့ရဲ့ နာမည်ကြီး စာအုပ်တွေ ရပါတယ်၊ တချို့စာအုပ်တွေက အိမ်မှာ ဝယ်ထားတာရှိတော့ ထပ်နေတော့ ပြန်လဲပေးပါတယ်၊ အခုက လာစီစဉ်တဲ့စာပေက စာအုပ်အစား သူ့ဆိုင်မှာ ကိုယ်ကြိုက်တဲ့စာအုပ်ဝယ်လို့ရအောင် ငါးထောင်တန်/ တစ်သောင်းတန် Voucher Gift တွေပေးတာပါ” ဟု ပြောသည်။
ရန်ကုန်(စနေ-တနင်္ဂနွေ)စာအုပ်လမ်းကို ပြန်ကြားရေးဝန်ကြီးဌာနက ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတို့၏ပံ့ပိုးမှု ဖြင့် စာအုပ်စာပေဖွံ့ဖြိုးတိုးတက်စေရန် ၂၀၁၇ ခုနှစ်၊ ပွင့်လင်းရာသီမှ စတင်ခဲ့ပြီး မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့်ဖြန့်ချိသူများအသင်းက ဦးစီးကျင်းပသည့် စာပေဟော ပြောပွဲနှင့်အတူ တစ်ဦးလျှင် စာအုပ်တစ်အုပ်နှုန်းဖြင့် စာအုပ်စတုဒိသာဆိုင်၊ ရောင်းသူမဲ့ နီတိစာအုပ်ဆိုင်၊ ရောင်း/ဝယ်/လဲထပ် စာအုပ်ဆိုင်၊ ၁၅ ရာခိုင်နှုန်း/၅၀ ရာခိုင်နှုန်း discount စာအုပ်ဆိုင်၊ လက်ဆောင်ပစ္စည်းဆိုင်များအပါအဝင် ဆိုင်ခန်းပေါင်း ၈၀ ခန့် အပတ်စဉ် ခင်းကျင်းရောင်းချခဲ့သည်။
ရန်ကုန်စာအုပ်လမ်းကို မတ်လကုန်မှစ၍ မိုးရာသီ ခေတ္တပိတ်မည်ဖြစ်ပြီး အောက်တိုဘာလတွင် ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
သန့်စင်ဝင်း


