ရန်ကုန် ၃၁ မတ်
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ရာဇသင်္ဂဟလမ်း ကံ့ကော်ပန်း အဝိုင်းအနီးတွင် တည်ထားကိုးကွယ်လျက်ရှိသော ထာဝရငြိမ်းချမ်းရေးစေတီတော်တွင် ကိန်းဝပ် စံပယ်တော်မူမည့် စကျင်ဗုဒ္ဓရုပ်ပွားတော်များ၊ ရွှေထီးတော်၊ ရွှေငှက်မြတ်နားတော်နှင့် ရတနာ စိန်ဖူးတော်များအား တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ဒေသစာရီကြွချီအပူဇော်ခံရန် ယနေ့နံနက် (၆)နာရီက နေပြည်တော်ရှိ ထာဝရငြိမ်းချမ်းရေးစေတီတော်မှ ရန်ကုန်တိုင်းဒေသကြီးသို့ စတင် ပင့်ဆောင်ပူဇော်သည်။
ရှေးဦးစွာ ယနေ့နံနက် ၅ နာရီက ဆရာတော်သံဃာတော်များက အန္တရာယ်ကင်း ပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပေးကြပြီး ပင့်ဆောင်ပူဇော်မည့် စကျင်ဗုဒ္ဓရုပ်ပွားတော်များကို အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးသည်။
ယင်းနောက် နေပြည်တော် - ရန်ကုန်အမြန်လမ်းအတိုင်းပင့်ဆောင်ရာ ရန်ကုန်တိုင်း ဒေသကြီးအဝင် တိုးဂိတ်အနီး(သုညမိုင်တိုင်)တွင် ရန်ကုန်တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်များမှ သံဃနာယက ဆရာတော်ကြီးများ၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ ရန်ကုန်မြို့တော် စည်ပင် သာယာရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဘာသာရေးအသင်းအဖွဲ့များက ဗုဒ္ဓရုပ်ပွား တော်များအား ဖူးမြော်ကြိုဆို၍ အလှူငွေများထည့်ဝင်လှူဒါန်းကြသည်။ ထို့နောက် ဗုဒ္ဓရုပ်ပွားတော် များအား သုညမိုင်တိုင်မှ ခေတ္တစံတော်မူမည့် ရွှေတိဂုံစေတီတော်အနောက်ဘက်မုခ်သို့ ပင့်ဆောင် ပူဇော်ရာ လမ်းကြောင်းတစ်လျှောက် ရဟန်း၊ ရှင်လူ၊ မိဘပြည်သူများက ဖူးမြော်ကြိုဆိုကြပြီး အလှူငွေများ ထည့်ဝင်လှူဒါန်းကြသည်။
မြန်မာနိုင်ငံတွင် ထာဝရငြိမ်းချမ်းရေးရရှိရန်၊ ထေရဝါဒဗုဒ္ဓသာသနာ အဓွန့်ရှည် ထွန်းကား ပြန့်ပွားစေရန်နှင့် ခုနစ်ရက်သားသမီးများ ဖူးမြော်ပူဇော်နိုင်ရန် ရည်မှန်းကာ နေပြည်တော်တွင် ထာဝရငြိမ်းချမ်းရေးစေတီတော်အား တည်ထားလျက်ရှိပြီး စေတီတော်တွင် ကိန်းဝပ်စံပယ်တော် မူမည့် စကျင်ဗုဒ္ဓရုပ်ပွားတော်များ၊ ရွှေထီးတော်၊ ရွှေငှက်မြတ်နားတော်နှင့် ရတနာစိန်ဖူးတော် များအား တိုင်းဒေသကြီးနှင့်ပြည်နယ် ၁၁ ခုတွင် ဒေသစာရီလှည့်လည်အပူဇော်ခံသွားမည်ဖြစ်ရာ ရန်ကုန်တိုင်းဒေသကြီးတွင် ဧပြီ ၁ ရက်မှ ၁၈ ရက်ထိ ပူဇော်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)


