ရန်ကုန် ၃၁ မတ်

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ရာဇသင်္ဂဟလမ်း ကံကော်ပန်းအဝိုင်းအနီးတွင် တည်ထားကိုးကွယ်လျက်ရှိသော ထာဝရငြိမ်းချမ်းရေးစေတီတော်တွင် ကိန်းဝပ်စံပယ်တော်မူမည့် စကျင်ဗုဒ္ဓရုပ်ပွားတော်များ၊ ရွှေထီးတော်၊ ရွှေငှက်မြတ်နားတော်နှင့်  ရတနာစိန်ဖူးတော်များအား တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ဒေသစာရီကြွချီအပူဇော်ခံရန် ယနေ့နံနက်(၆)နာရီက နေပြည်တော်ရှိ ထာဝရငြိမ်းချမ်းရေးစေတီတော်မှ ရန်ကုန်တိုင်းဒေသကြီးသို့ စတင်ပင့်ဆောင်ပူဇော်သည်။

 

2

 

ရှေးဦးစွာ ယနေ့နံနက် ၅ နာရီက နေပြည်တော်ထာဝရငြိမ်းချမ်းရေးစေတီတော်တွင် ဆရာတော်သံဃာတော်များက အန္တရာယ်ကင်းပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပေးကြပြီး ပင့်ဆောင်ပူဇော်မည့် စကျင်ဗုဒ္ဓရုပ်ပွားတော်များကို အမွှေးနံ့သာရည်များဖြင့်  ပက်ဖျန်းပေးသည်။

 

3

 

ယင်းနောက် နေပြည်တော်- ရန်ကုန်အမြန်လမ်းအတိုင်းပင့်ဆောင်ရာ ရန်ကုန်တိုင်းဒေသကြီး နယ်နိမိတ်  မိုင်တိုင်အမှတ် ၂၆ တွင် ရန်ကုန်တိုင်းဒေသကြီးသံဃနာယကဥက္ကဋ္ဌနှင့် ဆရာတော်သံဃာတော်များ၊ ဌာနဆိုင်ရာများ၊ ဘာသာရေးအသင်းအဖွဲ့များက ကြိုဆိုပင့်ဆောင်ပြီး တိုးဂိတ်အနီးတွင် ရန်ကုန်တိုင်းဒေသကြီးသံဃနာယကဥက္ကဋ္ဌဆရာတော်နှင့် မြို့နယ်များမှ သံဃနာယက ဆရာတော်ကြီးများ၊ ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုး၊ရန်ကုန်မြို့တော်စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဘာသာရေးအသင်းအဖွဲ့များက ဗုဒ္ဓရုပ်ပွားတော်များအား ဖူးမြော်ကြိုဆိုပြီးဆရာတော်သံဃာတော်များက ဗုဒ္ဓါဘိသေက အနေကဇာတင် မင်္ဂလာကို ပြုလုပ်ကြသည်။ ထို့နောက်  ဗုဒ္ဓရုပ်ပွားတော်များအား ဆက်လက်ပင့်ဆောင်ရာ ခေတ္တအပူဇော်ခံမည့် ရွှေတိဂုံစေတီတော်အနောက်ဘက်မုခ်သို့ ပင့်ဆောင်ပူဇော်ရာ လမ်းကြောင်းတစ်လျောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ရွှေတိဂုံဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးအသင်းအဖွဲ့များမှ ဒေဝါဝင်း၊ ရာဇာဝင်းများခြံရံပြီး အောင်စည်တော်ရွန်းလျက် ပင့်ဆောင်ပူဇော်ကြသည်။ 

ယင်းနောက် အပူဇော်ခံမည့် မဏ္ဍပ်အတွင်း ဆရာတော်၊ သံဃာတော်များက ဗုဒ္ဓါဘိသေက အနေကဇာတင် မင်္ဂလာကို ပြုလုပ်ကြပြီး ဆရာတော်သံဃာတော်များ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ ရွှေတိဂုံဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးအသင်းအဖွဲ့များက စကျင်ဗုဒ္ဓရုပ်ပွားတော်များအား အမွှေးနံ့သာရည်များ ပက်ဖြန်းပူဇော်ကြသည်။

မြန်မာနိုင်ငံတွင် ထာဝရငြိမ်းချမ်းရေးရရှိရန်၊ ထေရဝါဒဗုဒ္ဓသာသနာ အဓွန့်ရှည် ထွန်းကား ပြန့်ပွားစေရန်နှင့် ခုနစ်ရက်သားသမီးများ ဖူးမြော်ပူဇော်နိုင်ရန်ရည်မှန်းကာ နေပြည်တော်တွင် ထာဝရငြိမ်းချမ်းရေးစေတီတော်အား တည်ထားလျက်ရှိပြီး စေတီတော်တွင် ကိန်းဝပ်စံပယ်တော်မူမည့် စကျင်ဗုဒ္ဓရုပ်ပွားတော်များ၊ ရွှေထီးတော်၊ ရွှေငှက်မြတ်နားတော်နှင့်  ရတနာစိန်ဖူးတော်များအား တိုင်းဒေသကြီးနှင့်ပြည်နယ် ၁၁ ခုတွင် ဒေသစာရီလှည့်လည်အပူဇော် ခံသွားမည်ဖြစ်ရာ ရန်ကုန်တိုင်းဒေသကြီးတွင် ဧပြီ ၁ ရက်နေ့မှ ၁၈ ရက်နေ့ထိ ပူဇော်ခံသွားမည် ဖြစ်ကြောင်းသိရသည်။

(သတင်းစဉ်)