နေပြည်တော် ၁ ဧပြီ


လာမည့် ဇွန်လ ၁ ရက်နေ့မှ စတင်ကာ မိဘပြည်သူများ အနေဖြင့် လက်ကိုင်ဖုန်းဟန်းဆက်နှင့် ဆက်စပ်ပစ္စည်းများ ဝယ်ယူရာတွင် ကျသင့်သော စုစုပေါင်း တန်ဖိုးငွေအပေါ်တွင် ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်း ကျသင့်ပေးဆောင်ရမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာနမှ ယနေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။ 


ထိုသို့ လက်ကိုင်ဖုန်းဟန်းဆက်နှင့် ဆက်စပ်အပိုပစ္စည်းများ ရောင်းချသည့် အရောင်းပြေစာပေါ်တွင် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရောင်းချခြင်းကို (၁-၆-၂၀၁၉) ရက်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် စားသောက်ဆိုင်၊ ဟိုတယ်၊ တည်းခိုခန်း၊ ရွှေဆိုင်များ၊ ရုပ်သံ ဝန်ဆောင်မှု လုပ်ငန်းရှင်များအား ၎င်းတို့ ထုတ်ပေးလိုက်သည့် ပြေစာပေါ်တွင် ဝယ်ယူသုံးစွဲသူများက ပေးဆောင်လိုက်သည့် အခွန်ကို အမှတ်တံဆိပ် ကပ်နှိပ်ခြင်းအားဖြင့် အခွန်အပြည့်အဝ ကောက်ခံပေးသွင်းကြောင်း သိရှိနိုင်ရန် ဆောင်ရွက်စေလျက်ရှိသည်။


လက်ရှိတွင် လက်ကိုင်ဖုန်းဟန်းဆက်နှင့် ဆက်စပ်ပစ္စည်းများ ဝယ်ယူသူများသို့ ထုတ်ပေးမည့် ပြေစာတွင်ကပ်နှိပ်မည့် Commercial Tax Stamp Label များမှာ အောက်ပါအတိုင်း ဖြစ်သည်။

 

1


လက်ကိုင်ဖုန်းဟန်းဆက်နှင့် ဆက်စပ်ပစ္စည်းများ ဝယ်ယူသူမိဘပြည်သူများအနေဖြင့် ကျသင့်အခွန်နှင့် ညီမျှသော အခွန်အမှတ်တံဆိပ် ကပ်နှိပ်ထားသော ပြေစာများ တောင်းယူကြပါရန်နှင့် အခွန်အမှတ် တံဆိပ် ကပ်နှိပ်ထားခြင်း မရှိသော ပြေစာများ၊(အမှတ်တံဆိပ်သည် ငါးဆယ်ကျပ်တန် အနည်းဆုံးဖြစ် ပါ သဖြင့် အခွန်ကျပ် ငါးဆယ်အောက်တန်ဖိုးအတွက် အခွန်အမှတ်တံဆိပ် လျော့နည်းခြင်းမှအပ) ကျသင့်အခွန်နှင့်ညီမျှသော အခွန်အမှတ်တံဆိပ် ကပ်နှိပ်ထားခြင်းမရှိသော ပြေစာများ ထုတ်ပေးပါက နီးစပ်ရာ အခွန်ရုံးများသို့ တိုင်ကြားနိုင်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ သိရသည်။


MDN