မလှိုင် ၁ ဧပြီ
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မလှိုင်မြို့နယ် စည်ပင်သာယာအဖွဲ့ပိုင် လှိုင်သာယာပန်းခြံအား ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့်ပူးပေါင်းဆောင်ရွက်မည်ဖြစ်၍ (၁၀)နှစ်တာအတွက် တင်ဒါခေါ်ယူမည် ဖြစ်ကြောင်း မလှိုင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။
မြို့သာယာလှပရေးနဲ့ ပန်းခြံသာယာလှပရေးအတွက် ပုဂ္ဂလိက လုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းပြီး အကျိုးတူ ဆောင်ရွက်နိုင်ဖို့ တင်ဒါခေါ်ယူတာဖြစ်ပြီး စီးပွားရေးလုပ်ကိုင်နိုင်ရန် စည်ပင်သာယာပိုင်ပန်းခြံအတွင်းရှိ မြေ အကျယ်အဝန်း ပေ(၁၅၀×၅၀) ချမှတ်ပေးမည်ဖြစ်သည်။ မြေငှားရမ်းခကို တစ်လလျှင်အနည်းဆုံး ငွေကျပ် ၁၅၀ဝ၀ဝ သတ်မှတ်ထားကြောင်း တင်ဒါရရှိသူအနေဖြင့် အချိန်ကာလအားဖြင့် ငှားရမ်းသည့်နေ့မှ စ၍ (၁၀)နှစ် ပေးမည်ဖြစ်ပြီး တစ်နှစ်လျင် (၁၀)ရာခိုင်နှုန်း တိုးမြင့်ကောက်ခံသွားမည် ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့မှ သိရသည်။
တင်ဒါရရှိသူမှ ပန်းခြံသာယာလှပရေး လုပ်ငန်းများအား လိုက်နာရမည်ဖြစ်ပြီး လက်ရှိ ရှိနေသောထိုင်ခုံနှင့် နားနေဆောင်များ မွမ်းမံခြင်း နားနေဆောင်နှင့် ထိုင်ခုံ(၁၀)ခုတိုးချဲ့ ဆောက်လုပ်ခြင်းများ ဆောင်ရွက်ရ မည်ဖြစ်ပြီး အဆိုပါလုပ်ငန်းများအပါအဝင် ရင်းအနှီးမြုပ်နှံမှု ငွေကျပ် သိန်း(၂၀ဝ) အနည်းမြုပ်နှံရမည်ဖြစ်ကြောင်း တင်ဒါရယူလိုသူများအား ရင်းနှီးမြုပ်နှံမှု အနည်းအများအလိုက် ကာလတို ကာလရှည် အကောင်းဆုံး ရလဒ်များကို အဖွဲ့ဖြင့် စိစစ်သွားမည်ဖြစ်ကြောင်း စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။
စည်းကမ်းများအနေဖြင့် တည်ဆဲဥပဒေအရ တားမြစ်ထားသောလုပ်ငန်းများနှင့် ရာဇဝတ်မှုမကင်းသော လုပ်ငန်းများကို ဆောင်ရွက်ခွင့်မပြုကြောင်း၊ ကာရာအိုကေနှင့် အနှိပ်ခန်းရေချိုးခန်းများ ဆောင်ရွက်ခွင့်မပြုကြောင်း မိသားစုပုံစံဖြင့် ညအိပ်ညနေ နေထိုင်ခြင်းများကိုလည်း တားမြစ်ထားကြောင်း၊ ပုဂ္ဂလိက လုပ်ငန်းရှင်များ အနေဖြင့် မိမိ၏ စီးပွားရေးလုပ်ငန်းများမှအပ ကော်မတီ၏ခွင့်ပြုချက်မရရှိဘဲ ဝင်ကြေးကောက်ခံခြင်း အခြားသောငွေကြေးကောက်ခံခြင်းများအား ပြုလုပ်ခွင့်ပေးမည် မဟုတ်ဘဲ အရက်ဘီယာမှ အပ အခြားသော စားသောက်ဆိုင် အရောင်းပြခန်း ကလေးအားကစားကွင်း ပျိုးဥယျာဉ်တို့ကို ဆောင်ရွက်ခွင့်ပေးမည်ဖြစ်ကြောင်း စည်ပင်သာယာရေးအဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်မြင့်ထံမှ သိရသည်။
တင်ဒါအောင်မြင်၍ လုပ်ငန်းဆောင်ရွက်ခွင့်ရရှိသူအနေဖြင့် သတ်မှတ်ထားသောကာလဖြစ်သည့် (၁၀)နှစ်တာ ကာလအတွင်း အခြားသူတစ်ဦးတစ်ယောက် အဖွဲ့အစည်းထံသို့ ရောင်းချခြင်း အမည်လွှဲပြောင်းပေါင်နှံခြင်း ပြုလုပ်ခွင့်မပေးကြောင်း/ ရင်းနှီးမြုပ်နှံသည့် တည်ဆောက်ရေးကာလကို (၆)လအတွင်း အပြီးဆောင်ရွက်ရမည် ဖြစ်ကြောင်းနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ကြီးကြပ်မှုကို ခံယူရမည်ဖြစ်ကြောင်း ထပ်မံရှင်းပြသည်။
အများပြည်သူများ စိတ်လက်ချမ်းသာစွာ အပန်းဖြေနိုင်ရန် အပန်းဖြေမည့်မြေအကျယ်အဝန်းကို (၁.၆၇)ဧက သတ်မှတ်ထားပြီး အဆိုပါအကျယ်အဝန်းအား တင်ဒါရရှိသူမှ ပန်းခြံသာယာလှပရေးအတွက် သန့်ရှင်းရေးမှအစ ပန်းအလှ စိုက်ပျိုးခြင်း၊ မြက်ခင်းများစိုက်ပျိုးခြင်း၊ ပန်းခြံအားဆေးသုတ်ခြင်း၊ လျှောက်လမ်းများပြုလုပ်ပေးခြင်း ပန်းခြံအရှေ့ဘက်ကပ်လျက်ရှိသော ခန်းမနှင့်ပန်းခြံ စည်းရိုးကာရံခြင်း လွတ်လပ်ရေးကျောက်တိုင်နှင့် ဗိုလ်ချုပ်ကြေးရုပ်အားသန့်ရှင်းရေး ပြုလုပ်ပေးခြင်း မီးအလှဆင်ခြင်းများဆောင်ရွက်ခြင်းတို့ကို လုပ်ဆောင်ရမည်ဖြစ်ကြောင်း သိရသည်။
တင်ဒါခေါ်ယူခြင်းအတွက် လျှောက်လွှာများအား (၅၀ဝ၀)ကျပ်နှင့် ရောင်းချနေပြီးဖြစ်ပြီး ဧပြီလ (၁၀)ရက်နေ့တွင် နောက်ဆုံးထားလျှောက်ထားရမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။
ဘိုဘို(မလှိုင်)


