မူဆယ် ၁ ဧပြီ
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် ဆိုင်ကယ်စီးနင်းသူများ ဆိုင်ကယ်စီးဦးထုပ် အသုံးပြု သွားလာစေရေးအတွက် ဆိုင်ကယ်အစီးရေ (၈၀ဝ)ကျော်ဖြင့် ယမန်နေ့ နံနက် (၉)နာရီတွင် မူဆယ်မြို့တွင်းသို့ စီတန်းလှည့်လည်ခဲ့သည်။
“မြန်မာနိုင်ငံ အမျိုးသား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး စီမံချက်(၅)ရပ်မှာပါတဲ့ ပြည်သူလူထု ပါဝင်လှုပ်ရှားတဲ့ (Campaign) ကို ယာဉ်ထိန်းတပ်ဖွဲ့ကနေ ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။ ပြည်သူ ဆိုင်ကယ်စီးရင် ဦးထုပ်ဆောင်းရမယ်ဆိုတဲ့ သတိလေးရအောင်၊ ပြည်သူများ ပူးပေါင်းပါဝင်မှသာလျှင် အောင်မြင်မှာဖြစ်တဲ့အတွက် ခုလိုဟောပြောပွဲတွေ၊ အသိပညာပေး လှုံ့ဆော်မှုတွေ ပြုလုပ်ပေးနေတာပါ။ ယာဉ်မတော်တဆ ထိခိုက်မှုတွေ ဖြစ်လာခဲ့ရင်လည်း လူ့အသက် အန္တရာယ်ကို ထိခိုက်နိုင်တဲ့ ဦးခေါင်းကို ကာကွယ်နိုင်ဖို့ ရည်ရွယ်ပြီးတော့ ဆောင်ရွက်ရတာဖြစ်ပါတယ်။ ခုလိုပြုလုပ်မှုကြောင့် ယာဉ်ကြောင့် ထိခိုက်ဒဏ်ရာရရှိမှုတွေ လျော့ကျလာမယ်လို့လည်း မျှော်လင့်ပါတယ်” လို့ မူဆယ်မြို့၊ ယာဉ်ထိန်းတပ်ဖွဲ့စုမှူး ဒုရဲမှူးချစ်စိန်က ပြောကြားသည်။
“အရင်ကဒါမျိုး မူဆယ်မြို့မှာတစ်ခါမှ မလုပ်ဖူးဘူး။ ခုလိုပြုလုပ်ပေးတာ အရမ်း ကောင်းပါတယ်။ တချို့တွေက ဆိုင်ကယ်စီးရင် ဦးထုပ်မဆောင်းချင်ဘူး။ ခုလိုပြုလုပ်ပေးတဲ့အတွက် ဆိုင်ကယ်စီးရင် ဦးထုပ်ဆောင်းရမယ်၊ စည်ကမ်းရှိရှိ မောင်းနှင်ရမယ်ဆိုတာ ပြည်သူတွေ ပိုသိလာတယ်” လို့ သိန်းသန်းချီရွှေများ ဆိုင်ကယ်အသင်း ဂိတ်မှူးကိုထူးကြီးက ပြောကြားသည်။
မော်တော်ဆိုင်ကယ် စီးနင်းသူများ မော်တော်ဆိုင်ကယ်ဦးထုပ် အသုံးပြုသွားလာစေရေး အသိပညာပေး Campaign ကို ယနေ့နံနက် (၉)နာရီအချိန်တွင် မူဆယ်မြို့ မင်္ဂလာမူဆယ် ဗဟိုခန်းမဆောင်၌ ဟောပြောပွဲ အခမ်းအနား ပြုလုပ်ခဲ့ပြီး ရှမ်းပြည်နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းဖိုးမြတ်၊ မူဆယ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလှိုင်စိုးသန့်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရိန်၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ယဉ်ကျေးမှု အသင်းအဖွဲ့များနှင့် ပြည်သူများ တက်ရောက်ခဲ့သည်။
ထို့နောက် ပါဝင်ဆင်နွဲ တက်ရောက်ကြသည့် လူထု(၈၀ဝ)ကျော်ကို သက်ဆိုင်ရာ တာဝန်ရှိသူများက မော်တော်ဆိုင်ကယ်ဦးထုပ်နှင့် အသိပညာပေး စာတမ်းပါ ရှပ်အင်္ကျီတို့ကို အခမဲ့ဖြန့်ဝေပေးကာ မင်္ဂလာမူဆယ်အရပ်မှ သိန်းသန်းချီအဝေးပြေး ကားကြီးကွင်းအထိ စီတန်းလှည့်လည်အသိပညာပေး လှုံ့ဆော်ခဲ့သည်။
၂၀၁၉ နှစ်ဆန်းပိုင်းမှ ယနေ့ရက်ပိုင်းအထိ ရှမ်းပြည်နယ်တွင် မော်တော်ဆိုင်ကယ် မတော်တဆမှုကြောင့် လူပေါင်း (၈၀)ဦးကျော် အသက်ရှုံးဆုံးခဲ့ကြောင်း မူဆယ်ခရိုင် ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီထံမှ သိရှိရသည်။
ဗန်ရိုးထန်(ပြန်/ဆက်)


