စေတုတ္တရာ ၁ ဧပြီ
ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနက အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း(NEP) ICB-2 ဖြင့် စေတုတ္တရာ မြို့နယ်အတွင်း မဟာဓာတ်အားလိုင်းပြင်ပရှိ ကျေးရွာ(၁၀)ရွာရှိ စာသင်ကျောင်း(၁၁)ကျောင်းနှင့် ကျန်းမာရေးဆေးပေးခန်း လေးခုအတွက် ဆိုလာနှင့် ဆက်စပ်ပစ္စည်းများကို သက်ဆိုင်ရာဌာနများသို့ အပြီးအပိုင်လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့နယ်ကျေးလက်ဒေသဖွံံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးလင်းထွဋ်က မိမိတို့ ဦးစီးဌာနမှ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း(NEP) ICB-2 ဖြင့် စေတုတ္တရာမြို့နယ်အတွင်းရှိ ငလဲ၊ ခွေးမလောင်၊ ကျောက်မွဲ၊ ပွင့်တောက်၊ အလယ်ဟန်ဒေါက်၊ နတ်ကြီး၊ အာယော၊ ကြီးအုံ၊ မကြီး၊ ချီ စသည့်ကျေးရွာများရှိ စာသင်ကျောင်း(၁၁)ကျောင်း နှင့် ကျန်းမာရေးဆေးပေးခန်းလေးခုတို့တွင် ဆိုလာပြား၊ ဘက်ထရီ၊ အင်ဗာတာနှင့် မီးသီးမီးချောင်းများကို အခမဲ့တပ်ဆင် ပေးခဲ့ပြီးဖြစ်ကြောင်း၊ အဆိုပါ ဆိုလာပြားနှင့်ဆက်စပ်ပစ္စည်းများကို ရေရှည်ထိန်းသိမ်းနိုင်ရေးအတွက် သက်ဆိုင်ရာ အခြေခံ ပညာဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနများသို့ အပြီးအပိုင်လွှဲပြောင်းပေးအပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြား ပါသည်။
ထို့နောက် ဆိုလာပြား၊ ဘက်ထရီ၊ အင်ဗာတာနှင့် မီးသီးမီးချောင်းအထောက်အထားစာရွက်စာတမ်းများကို မြို့နယ်အခြေခံ ပညာဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနများသို့ အပြီးအပိုင်လွှဲပြောင်းပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူ ခဲ့ကြောင်း သိရှိရသည်။
ဆိုလာနှင့် ဆက်စပ်ပစ္စည်းများကို မူလတန်းကျောင်းတွင် ၁၈၀ ဝပ်ဆိုလာတစ်ချပ် ၆ ဝပ်မီးသီးတစ်လုံး၊ ၇ ဝပ် မီးချောင်းခုနှစ်ချောင်း၊ ၂၀ဝဝပ်အင်ဗာတာတစ်လုံး၊ ၂၂.၂ ဗို့ ဘက်ထရီတစ်လုံး(Li-ion Type) ၊ အခြေခံပညာအလယ်တန်း ကျောင်းတွင် ၁၉၀ ဝပ်ဆိုလာနှစ်ချပ်၊ ၆ ဝပ်မီးသီးတစ်လုံး၊ ၇ မီးချောင်း ၁၈ချောင်း၊ ၂၀ဝဝပ်အင်ဗာတာတစ်လုံး၊ ၂၂.၂ ဗို့ ဘက်ထရီ တစ်လုံး(Li-ion Type)၊ အထက်တန်းကျောင်းတွင် ၂၄၀ ဝပ်ဆိုလာနှစ်ချပ် ၆ မီးသီး နှစ်လုံး၊ ၇ ဝပ်မီးချောင်း ၂၄ ချောင်း ၊ ၂၀ဝဝပ်အင်ဗာတာတစ်လုံး၊ ၂၂.၂ ဗို့ ဘက်ထရီတစ်လုံး(Li-ion Type)၊ ကျန်းမာရေးဆေးပေးခန်းတွင် ၁၈၀ ဝပ်ဆိုလာ တစ်ချပ်၊ ၆ ဝပ်မီးသီး တစ်လုံး၊ ၇ ဝပ် မီးချောင်း ငါးချောင်း၊ ၂၀ဝဝပ်အင်ဗာတာတစ်လုံး၊ ၂၂.၂ ဗို့ ဘက်ထရီတစ်လုံး(Li-ion Type) ၊ ဘာသာရေးအဆောက်အဦတွင် ၁၈၀ ဝပ်ဆိုလာတစ်ချပ်၊ ၆ ဝပ်မီးသီး နှစ်လုံး၊ ၇ ဝပ် မီးချောင်း ခြောက်ချောင်း၊ ၂၀ဝဝပ်အင်ဗာတာတစ်လုံး၊ ၂၂.၂ ဗို့ ဘက်ထရီတစ်လုံး(Li-ion Type)တို့ကို အခမဲ့ တပ်ဆင် ပေးနိုင်ခဲ့ပြီး ၎င်းစနစ်အားလုံးတွင် တီဗွီ၊ ကွန်ပျူတာ၊ ဖုန်းအားသွင်းခြင်းများလုပ်ဆောင်နိုင်ကြောင်းသိရသည်။
သန်းလွင်(မကွေး)


