မကွေး  ၁   ဧပြီ 


မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်၊ အမ်းတောင်တန်းများဘေး မန်းကြိုးဝိုင်းတောရှိ မြေဧကပေါင်း(၃၇၀ဝ)ကို သဘာဝထိန်းသိမ်းရေးနယ်မြေအဖြစ် သတ်မှတ်ထိန်းသိမ်းရန် မကွေးတိုင်းသစ်တောဦးစီးဌာနက သစ်တောဦးစီးဌာန(ရုံးချုပ်)သို့ တင်ပြထားပြီး အဆိုပါနေရာတွင် ကမ္ဘာ့ရှားပါးမျိုးစိတ်စာရင်းဝင် မျက်ခုံးဖြူမျောက်လွှဲကျော်များ နေထိုင်ကျက်စားလျက်ရှိ ကြောင်း သိရသည်။        


မျက်ခုံးဖြူ မျောက်လွှဲကျော်များ အပါအဝင် ရှားပါတိရစ္ဆာန်များကို ထိန်းသိမ်းရန်နှင့် အသေးစိတ် စာရင်းကောက်ယူ နိုင်ရန်အတွက် သဘာဝ ထိန်းသိမ်းရေး နယ်မြေ(ကြိုးဝိုင်းတော)အဖြစ် ကန့်သတ်ရန်တင်ပြထားခြင်းဖြစ်ပြီး  သစ်ထုတ်လုပ်မှုကို လည်း တားမြစ်သွားမည်ဖြစ်သည်။


“မျောက်လွှဲကျော်တွေ နေထိုင်ကျက်စားတဲ့နေရာ အနီးမှာ အရှိုချင်းတိုင်းရင်းသားတွေ နေထိုင်ကြပါတယ်။ မျောက်လွှဲကျော်တွေရဲ့အသံဟာ မင်္ဂလာရှိတဲ့အသံလို့ တိုင်းရင်းသားတွေက ယူဆပြီး အမဲလိုက်ရင် သူတို့ကို ရှောင်ကြပါတယ်။ 


လောလောဆယ်ကတော့ မျက်ခုံးဖြူမျောက်တွေ အကောင်ရေဘယ်လောက်ရှိတယ် ဆိုတာတော့ မသိသေးပါဘူး။ အော်တို စောင့်ကြည့် ကင်မရာတွေ တပ်ဆင်ထားပြီးဖြစ်တဲ့အတွက် ရှိတယ်ဆိုတဲ့အချက်ကတော့ သေချာပါတယ်။ သဘာဝ ထိန်းသိမ်းရေး နယ်မြေအဖြစ် သတ်မှတ်ဖို့ လိုအပ်တဲ့နေရာတစ်ခုပါ” ဟု မကွေးတိုင်းဒေသကြီး သစ်တောဦးစီးဌာန ညွန်ကြားရေးမှူး ဦးမြင့် သိန်းခိုင် က ပြောသည်။


မြန်မာနိုင်ငံတွင် မျက်ခုံးဖြူ မျောက်လွှဲကျော်များကို ချင်းပြည်နယ်နှင့်ရခိုင်ပြည်နယ်နယ်စပ် တောကြီးများနှင့် အမ်းတောင်တန်းတို့တွင် တွေ့ရှိရကြောင်း၊ သစ်တောဦးစီးဌာန၏မူအရ သာမာန်ကာကွယ်ထားသည့်တိရစ္ဆာန်နှင့် လုံးဝ ကာကွယ်ထားသည့် တိရစ္ဆာန်ဟူ၍ နှစ်မျိးရှိပြီး သာမန်ကာကွယ်ထားသည့် တိရစ္ဆာန်များကို မျိုးပွားချိန်တွင် အမဲမပစ်ရန်၊ လုံးဝကာကွယ်ထားသည့် တိရစ္ဆာန်များကို လုံးဝအမဲမပစ်ရန်ထားမြစ်ထားကြောင်း ညွှန်ကြားရေးမှူး ဦးမြင့်သိန်းခိုင် ထံမှ သိရသည်။


နိုင်ငံတကာတွင် ရှားပါးတိရိစ္ဆာန်များကို စနစ်တကျ ထိန်းသိမ်းမွေးမြူ၊ မျိုးပွားမှုများ လုပ်ဆောင်ကြသော်လည်း သစ်တောဦးစီးဌာန၌ ဝန်ထမ်းအင်အား နည်းပါးကာ နိုင်ငံခြားသုတေသနပြုသူများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ခြင်းမှလွဲ၍ ထိန်းသိမ်းရေး ရန်ပုံငွေ မရှိကြောင်း၊ ဒေသခံပြည်သူများ၏ အကူအညီကို ရယူကာ ရှားပါးတိရိစ္ဆာန်နှင့် သစ်တောထိန်းသိမ်းရေး လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်နေရကြောင်း သစ်တောဦးစီးဌာနမှ သိရှိရသည်။


ဇေယျတု(မကွေး)