ပွင့်ဖြူ ၁ ဧပြီ
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာကျေးရွာ သာသနာ့သမိုင်းဝင် စန္ဒကူးနံ့သာကျောင်းတော်ရာ ဘုရားဗုဒ္ဓပူဇနိယပွဲတော် ပိုမိုစည်ကားသိုက်မြိုက်စေရန်အတွက် ထည့်သွင်းကျင်းပသည့် ပထမအကြိမ် မြင်းစီးအားကစား ပြိုင်ပွဲဖွင့်ပွဲကို ယနေ့နံနက် ၇ နာရီက အဆိုပါ ကျေးရွာရှိ ဘောလုံးကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပထမအကြိမ်မြောက် ထည့်သွင်းကျင်းပသည့် မြင်းစီးအားကစားပြိုင်ပွဲဖွင့်ပွဲတွင် ရှေးဦးစွာ မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဝန်ကြီး ဦးဝင်းမော်ဌေးက အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံ မြင်းစီးအားကစားအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးဌေးကျော်မြင့်က မြင်းစီးအားကစားနည်းများနှင့် ပတ်သက်ပြီး ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီးဥပဒေချုပ် ဦးဆန်းလင်းက ပွင့်ဖြူမြို့နယ် စန္ဒကူးနံ့သာကျောင်းတော်ရာဘုရား ဗုဒ္ဓ ပူဇနိယပွဲတော် စည်ကားသိုက်မြိုက်စေရေးအတွက် မြင်းစီးအားကစားပြိုင်ပွဲ ထည့်သွင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် ပြိုင်ပွဲဖြစ်မြောက်အောင် ဝိုင်းဝန်းကူညီပေးခဲ့သည့် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံ မြင်းစီးအားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်မြင်းစီးအားကစားသမားများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံရပ်မိရပ်ဖများအား ကျေးဇူးတင်စကား ပြောကြားသည်။
ထို့နောက် မြင်းစီးအားကစားပြိုင်ပွဲသို့ တက်ရောက်လာကြသည့် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဒေသခံရပ်မိရပ်ဖများကို မင်းဘူးမြို့၊ ပွဲကျောင်းလက်ရေးပညာစဉ်(အပြ) ဒေါက်တာ ကျော်ကျော်ညွန့် က မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့ထုံးစံတို့ကို အခြေပြုပေါ်ပေါက်လာသည့် ပွဲကျောင်းလက်သိုင်းပညာရပ်ဖြင့် ဖျော်ဖြေတင်ဆက် ကစားပြခဲ့သည်။
ဆက်လက်၍ သာသနာ့သမိုင်းဝင် စန္ဒကူးနံ့သာကျောင်းတော်ရာဘုရား ဗုဒ္ဓပူဇနိယပွဲတော် ပထမအကြိမ် ထည့်သွင်းကျင်းပသည့် မြန်မာ့ရိုးရာ မြင်းစီးအားကစားပြိုင်ပွဲဖွင့်ပွဲကို ကျင်းပရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးဆန်းလင်း နှင့် မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေး မှူး ဦးဌေးကျော် တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ပြီး ညောင်ဦးမြို့နယ် ထီးပုကျေးရွာ(More Riding Club)မှ မြင်းစီး အားကစားသမားနှစ်ဦးက မြင်းဒုန်းစီးပြိုင်ပွဲ သရုပ်ပြယှဉ်ပြိုင်ကစားခဲ့ကြသည်။
ထို့နောက် မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် အကဲဖြတ်ဒိုင်လူကြီးများအဖွဲ့က မြင်းစီး အားကစားပြိုင်ပွဲကို စတင်ကျင်းပရာ ပြိုင်ပွဲဝင်အားကစားသမားများက အကြိတ်အနယ် ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြသည်။ ယင်းနောက် တိုင်းဒေသကြီးဥပဒေချုပ် ဦးဆန်းလင်း က မြင်းစီးအားကစားပြိုင်ပွဲ ဖြစ်မြောက်ရေးအတွက် အလှူငွေများ ပံ့ပိုးကူညီလှူဒါန်းပေးခဲ့ကြသည့် အလှူရှင်များအား တစ်ဦးချင်းစီ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါ မြန်မာ့ရိုးရာ မြင်းစီးအားကစားပြိုင်ပွဲတွင် အကြီးတန်းမြင်းဒုန်းစီးပြိုင်ပွဲ၊ အငယ်တန်းမြင်းဒုန်းစီးပြိုင်ပွဲ၊ မြန်မာအသားကျပြိုင်ပွဲနှင့် ကုန်းနှီးမဲ့ ဒုန်းစီးပြိုင်ပွဲတို့ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး ပြိုင်ပွဲတွင် ပထမဆု ငွေကျပ် ငါးသိန်း၊ ဒုတိယဆုငွေကျပ် သုံးသိန်း၊ တတိယဆုငွေကျပ် နှစ်သိန်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာကျေးရွာ စန္ဒကူးနံ့သာကျောင်းတော်ရာဘုရား ဗုဒ္ဓပူဇနိယပွဲတော် စည်ကားသိုက်မြိုက် စေရေးအတွက် ထည့်သွင်းကျင်းပသည့် ပထမအကြိမ် မြန်မာ့ရိုးရာ မြင်းစီးအားကစားပြိုင်ပွဲကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အားပေးချီးမြှင့်မှု၊ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်၏ ကူညီပံ့ပိုးမှု၊ ပြည်သူလူထုနှင့် ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ၏ အားဖြည့်ကူညီမှုဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရပြီး၊ ဖွင့်ပွဲသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ ဒုတိယလွှတ်တော်ဥက္ကဋ္ဌ ဦးဇော် မျိုးဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်မှ တာဝန်ရှိ သူများ၊ စန္ဒကူးနံ့သာကျောင်းတော်ရာဘုရားဂေါပကအဖွဲ့မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်မြင်းစီးအားကစားဝါသနာရှင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


