ရန်ကုန် ၁ ဧပြီ
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသော ထာဝရငြိမ်းချမ်းရေး ဓမ္မသဘင်ကို ယနေ့ ည ၇ နာရီခွဲက ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်မြတ်ကြီး ထီးတော်ရိပ်အောက်ရှိ ပြည်သူ့ရင်ပြင်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
ငြိမ်းချမ်းရေးဓမ္မသဘင်ပွဲတွင် ချမ်းမြေ့ဆရာတော် အရှင်ဇနကာဘိဝံသ က တရားဒေသနာတော်များ ဟောကြားရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့်ဇနီး၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဒုတိယ ဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိ သူများ၊ ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးအသင်းအဖွဲ့များ နှင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ တရားချစ်ခင်သူတော်စင်များက တရားတော်ကို ရိုသေစွာနာယူ ကြည်ညိုကြသည်။
ဓမ္မသဘင် မစတင်မီ ထာဝရငြိမ်းချမ်းရေးစေတီတော်တည်ဆောက်ရေးအတွက် အလှူတော်ငွေများအား အလှူရှင်များက ပေးအပ်လှူဒါန်းရာ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်တို့က လက်ခံရယူကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
ငြိမ်းချမ်းရေးဓမ္မသဘင်ကို ဧပြီ ၁ ရက်မှ ၅ ရက်အထိ ကျင်းပသွား မည်ဖြစ်ရာ ဧပြီ ၂ ရက်နေ့တွင် ယောဆရာတော် အရှင်သိရိန္ဒာဘိဝံသ၊ ဧပြီ ၃ ရက်တွင် တောင်စွန်းဆရာတော် ဓမ္မဘေရီအရှင်ဝီရိယ၊ ဧပြီ ၄ ရက်တွင် ရွှေပါရမီ တောရ ဆရာတော် အရှင်ဆန္ဒာဓိက၊ ဧပြီ ၅ ရက်တွင် အောက်စဖို့ဒ်ဆရာတော် ဒေါက်တာ အရှင်ဓမ္မသာမိ စသည့်ဆရာတော်ကြီးများက တရားအလှူပေးသွားမည် ဖြစ်ကြောင်း သိရသည်။
နေပြည်တော်ရှိ ထာဝရငြိမ်းချမ်းရေးစေတီတော်တွင် ကိန်းဝပ်စံပယ်တော်မူမည့် ဉာဏ်တော်အမြင့် ၆ ပေ၊ အလျား ၅ ပေရှိ စကျင်ဗုဒ္ဓရုပ်ပွားတော် နှစ်ဆူနှင့် ဉာဏ်တော်အမြင့် သုံးပေရှိ စကျင်ဗုဒ္ဓရုပ်ပွားတော် တစ်ဆူတို့အား ရဟန်းရှင်လူပြည်သူ အများ ကုသိုလ်ယူ ပူဇော်နိုင်ရန်အတွက် ရွှေတိဂုံစေတီတော်မြတ်ကြီး ၏ မေတ္တာရိပ် အောက်တွင် ဧပြီ ၁ ရက်မှ ၁၈ ရက်ထိ ရင်ငွေ့တော်လှုံ အပူဇော်ခံလျက်ရှိရာ ယနေ့တွင် ရဟန်းရှင်လူပြည်သူအများက လာရောက်ဖူးမြော် ကြည်ညိုလျက် စေတီ တော်ကြီး တည်ထားကိုးကွယ်ရေးအတွက် အလှူတော်ငွေများ ထည့်ဝင်လှူဒါန်း ကြပြီး ဝတ်အသင်းအဖွဲ့များကလည်း ဝတ်ရွတ်ပူဇော် ကုသိုလ်ယူလျက်ရှိသည်။
(သတင်းစဉ်)


