ရန်ကုန် ၁ ဧပြီ
ရန်ကုန်မြောက်ပိုင်းခရိုင် လှိုင်သာယာမြို့နယ်ရှိ နဝဒေးအိမ်ရာဝင်းအတွင်း တရားမဝင်မွေးမြူထားသော (၄)နှစ်ခန့်အရွယ် ဝက်ဝံစုံတွဲအား ပတ်ဝန်းကျင်ပြည်သူ၏ သတင်းပေးမှုဖြင့် အိမ်ရာစီမံခန့်ခွဲရေးကော်မတီရုံးမှ တာဝန်ရှိသူတို့က အင်းစိန်မြို့နယ် သစ်တောဦးစီးဌာနသို့ အကြောင်းကြား သတင်းပေးချက်အရ ဧပြီ(၁)ရက်၊မွန်းလွဲ(၂)နာရီတွင် သစ်တောဦးစီးဌာနမှ ယာဉ်ဖြင့် တင်ဆောင်၍ ကျောက်တံခါးမြို့နယ်ရှိ မြောက်ဇာမဏီသစ်တောကြိုးဝိုင်းသို့ ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း သိရသည်။
“ ကျွန်တော်တို့ ပဲခူးတိုင်းဒေသကြီး မြောက်ဇာမဏီသစ်တောကြိုးဝိုင်းမှာ လွှတ်မှာပါ။ အဲ့ဒီသွားနေတာဇီးရိုးမိုင်ကို ရောက်နေပါပြီ။ အဲ့ဒီမှာ သဘာဝလွှတ်ထားတဲ့ဝက်ဝံတွေလည်း ရှိပါတယ်။ ကြိုးဝိုင်းက တာဝန်ရှိတဲ့သူတွေလည်း စောင့်နေပါတယ်။ လုံခြုံစိတ်ချတဲ့ နေရာကို ပို့ဆောင်မှာပါ” ဟု အင်းစိန်မြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဖိုးလတ်က ပြောသည်။
အဆိုပါဝက်ဝံ အထီးနှင့် အမစုံတွဲအား သစ်တောဌာနမှ တာဝန်ရှိသူများက ယနေ့ မွန်းလွဲ(၂)နာရီတွင် နဝဒေးအိမ်ရာဝင်းအတွင်းရှိ နိုင်ငံခြားသား ဇနီးမောင်နှံနေထိုင်သော အိမ်မှဝက်ဝံလှောင်အိမ်ကို ကရိမ်းယာဉ်ဖြင့်မ၍ ယာဉ်ပေါ်တင်ကာ မြောက်ဇာမဏီ သစ်တောကြိုးဝိုင်းသို့ ပို့ဆောင်ခဲ့ပြီး ည( ၇)နာရီ(၂၅)မိနစ်တွင် သစ်တောကြိုးဝိုင်းသို့ရောက်ရှိကြောင်း သိရသည်။
“ကျွန်တော်တို့ ကြိုးဝိုင်းကို ည(၇)နာရီကျော်မှာ ရောက်လာတယ်။ မှောင်နေပေမယ့်အတွင်းကို (၁ )နာရီနီးပါး ရေရှိတဲ့နေရာကို ဆက်မောင်းပြီးဝက်ဝံ (၂)ကောင်ကို လွှတ်ရမှာပါ။ ဘေးမဲ့ထိန်းတဲ့နေရာ မှာဝက်ဝံကောင်ရေစာရင်းမရှိပေမယ့် မနေ့ညကပဲဝက်ဝံအော်သံ ကြားရပါသေးတယ်။ဘေးမဲ့သစ် တောကြိုးဝိုင်း ဧရိယာဧက(၂)သိန်းကျော် ရှိပါတယ်။ ဒီမှာဝက်ဝံတွေများပါတယ်” ဟု သဘာဝ၀န်ကျင် နှင့်သားငှက် တိရစ္ဆာန်ထိန်းသိမ်းရေးဌာန၏ မြောက်ဇာမဏီ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတာဝန်ခံ ဦးမြင့်လှိုင်က ပြောသည်။
မြောက်ဇာမဏီသစ်တောကြိုးဝိုင်းအား (၂၀၁၄)ခုနှစ်တွင် စတင်၍ သစ်တောဝန်ထမ်းများဖြင့် ဖွင့်လှစ်စောင့်ရှောက်ခဲ့ပြီး ဘေးမဲ့တော ဧရိယာအကျယ် (၂၄၂၉၃၈ ဒသမ ၄၈)ဧကတွင် နေထိုင်သော တောရိုင်းတိရစ္ဆာန်များကို ထိန်းသိမ်းစောင့်ရှာက်လျက် လှော်ကား တိရစ္ဆာန်ဥယျာဉ်မှ မျောက်များကိုလည်း ထိန်းသိမ်းထားကြောင်း သိရသည်။
လှိုင်သာယာမြို့နယ် နဝဒေးအိမ်ရာတွင် လွန်ခဲ့သော (၃)နှစ်ခန့်က နိုင်ငံခြားသားဇနီးမောင်နှံ(စင်ကာပူနိုင်ငံခြားသူနှင့် တရုတ်နိုင်ငံသား)မှ စားသောက်ဆိုင်တွင် တစ်နှစ်သားအရွယ် ဝက်ဝံနှစ်ကောင်အား အသားအဖြစ်ရောင်းချသည်ကို သိရှိ၍ ဒေါ်လာဖြင့် ဝယ်ယူမွေးမြူခဲ့ရာ ယခုအခါ(၄)နှစ်ခန့်ရှိ ပြီဖြစ်၍ အိမ်ရာတွင် ရေကူးကနှ်နှင့်ဘောလုံးကွင်း၊ စားသောက်ဆိုင်များရှိသည့်အတွက် လွတ်သွားပါက အန္တရာယ်ရှိသောကြောင့် ပတ်ဝန်းကျင်မှ အိမ်ရာကော်မတီရုံးသို့ မတ်လ(၁၆)ရက်နေ့တွင်သ တင်းပေးခဲ့ပြီး မတ်လ(၁၈)ရက်နေ့တွင် အင်းစိန်မြို့နယ်သစ်တောဦးစီးမှူးနှင့် တာဝန်ရှိသူများ လာရောက်စစ်ဆေးလျက် ယနေ့တွင် ပဲခူးတိုင်းဒေသကြီးရှိ မြောက်ဇာမဏီသစ်တောကြိုးဝိုင်းဖြစ်သော ဘေးမဲ့တောသို့ လွှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သန်းထိုက်
ဓာတ်ပုံ - သန်းစိုး


