ရန်ကုန် ၁   ဧပြီ 

 

ရန်ကုန်စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ မြို့နယ် ၃၃ မြို့နယ်တွင်းတွင် မတ်လ ၃၁ ရက်က ကျင်းပခဲ့သည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင် အဆင့်ဆင့် ရွေးကောက်တင် မြောက်ပွဲတွင် အနိုင်ရရှိသူကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကို ရန်ကုန်မြို့တော် စည်ပင်သာယာရွေးကောက်ပွဲ ကော်မရှင်က ယနေ့  အပြီးသတ် ထုတ်ပြန်ကြေညာသည်။ 

 

ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဝင်အဆင့်ဆင့် ရွေးကောက် တင်မြောက်ပွဲတွင် မြို့တော်ကော်မတီဝင် နေရာအတွက်  ၂၇ ဦး ဝင်ရောက်ယှဉ်ပြိုင်ရာ ၆ ဦးအနိုင်ရရှိခဲ့ကြောင်း၊ မြို့နယ်စည်ပင် သာယာရေးကော်မတီ ဥက္ကဋ္ဌ နေရာအတွက် ၉၉ ဦး ဝင်ရောက်ယှဉ်ပြိုင်ရာ ၃၃ ဦး အနိုင်ရရှိခဲ့ကြောင်း၊ မြို့နယ်အဖွဲ့ဝင် (၁) နေရာ အတွက် ၇၄ ဦး ဝင်ရောက်ယှဉ်ပြိုင်ရာ ၃၃ ဦး အနိုင်ရရှိခဲ့ကြောင်းနှင့် မြို့နယ်အဖွဲ့ဝင် (၂) နေရာအတွက် ၇၂ ဦး ဝင်ရောက်ယှဉ်ပြိုင်ရာ ၃၃ ဦး အနိုင်ရရှိခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရွေးကောက်ပွဲ ကော်မရှင်က သိရသည်။

 

အဆိုပါ ရွေးကောက် တင်မြှောက်ပွဲတွင် မြို့တော်ကော်မတီဝင် နေရာအတွက်  မဲဆန္ဒနယ် (၁) မှ ဦးဝင်းမြင့်သန်း၊ မဲဆန္ဒနယ် (၂)မှ ဦးသူရအောင်၊ မဲဆန္ဒနယ် (၃)မှ ဦးစိုးလွင်၊ မဲဆန္ဒနယ် (၄)မှဦးစိန်အုန်း၊  မဲဆန္ဒနယ် (၅)မှ ဒေါ်နန့်စုရွှေစင်နှင့် မဲဆန္ဒနယ် (၆)မှ ဦးမင်းဟန် တို့ အသီးသီး အနိုင်ရရှိသွားကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရွေးကောက်ပွဲ ကော်မရှင်က သိရသည်။

 

မြို့တော်ကော်မတီဝင် နေရာအတွက် မဲဆန္ဒနယ် (၆)မှ အနိုင်ရရှိခဲ့သည့် ဦးမင်းဟန် က ’’ နံပါတ်တစ်ကတော့ ကျန်းမာရေးနဲ့ပတ်သက်ပြီး ဆောင်ရွက်သွား ချင်တယ်။ ပြည်သူတွေစားသုံးရန်မသင့်တဲ့ အစားစာတွေကို FDA နဲ့ပူးပေါင်းပြီး အသိပညာပေးတွေဆောင်ရွက်သွားမယ်။ နံပါတ်နှစ်က စည်းကမ်းပိုင်းပေါ့။ စည်းကမ်း ပိုင်းတွေကို ကြပ်ကြပ်မတ်မတ် လုပ်ဆောင်သွားမယ်။ ယာဉ်ကြောကျပ်တာ တွေကိုလည်း လုပ်ဆောင်သွားမယ်။ အဲ့ဒါတွေကို အဓိကထားလုပ်သွားမယ်။ မဖြစ်မနေလုပ်ရမယ် ကိစ္စတွေကလည်းရှိနေပါတယ်။ အမှိုက်ကိစ္စ၊ ရေမြောင်းပိတ်တဲ့ ကိစ္စတွေကိုလည်း လုပ်ဆောင်သွားရမှာပါ ’’ ဟု ပြောသည်။

 

မြို့တော်ကော်မတီဝင် နေရာအတွက် မဲဆန္ဒနယ် (၄)မှ အနိုင်ရရှိခဲ့သည့် ဦးစိန်အုန်း က ’’ ရွေးကောက်ပွဲမဲဆွယ်ကာလမှာ ပြည်သူကို ဘာကတိပေးခဲ့လဲ ဆိုတော့ မသန့်ရှင်းသော ထမင်းတစ်လုတ်လုံးဝမစားပါဘူးဆိုတာ ပြောခဲ့ပါတယ်။ အဂတိတရား လေးပါး ကင်းရှင်းစွာနဲ့ အလုပ်လုပ်ပါမယ်လို့ ကတိပေးခဲ့တယ်။ ရန်ကုန်မြို့ရဲ့လိုအပ်ချက်က အရမ်းကြီးတယ်။ ကျွန်တော်မဲဆန္ဒနယ်မှာတော့ အဓိက နောက်ဖေးလမ်းကြားပဲ။ နောက်ဖေး လမ်းကြားက ကျောက်တံတားမှာဆို တော်တော်သန့်နေပြီ။ ကျွန်တော်တို့ လမ်းတွေမှာတော့ တော်တော်များများ ကျန်သေးတယ်။ဒလတို့ ဆိပ်ကြီးခနောင်တို တို့ကျတော့ ရန်ကုန်မြို့နဲ့ယှဉ်ရင် ဖွံ့ဖြိုးတိုးတက်မှုက ကွာဟာသွားပြီ။ ဒလဘက်မှာလည်း လိုအပ်ချက်ကအများကြီးပဲ။ လုပ်စရာတွေကအများကြီးပါပဲ ’’ ဟု ပြောသည်။

 

စည်ပင်ရွေးကောက်ပွဲကို ရန်ကုန်စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ မြို့နယ် ၃၃ မြို့နယ်တွင် မဲဆန္ဒနယ် ၆ ခုသတ်မှတ်ကာ မဲရုံပေါင်း ၂၈၇၉ ရုံ ဖွင့်လှစ်ကျင်းပခဲ့ကြောင်း  မဲဆန္ဒနယ် (၁)တွင် တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ သင်္ဃန်းကျွန်း၊ မဲဆန္ဒနယ် (၂)တွင် ဒဂုံမြို့သစ်တောင်ပိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်း၊ မဲဆန္ဒနယ် (၃) တွင် ကြည့်မြင်တိုင်၊ စမ်းချောင်း၊ ဆိပ်ကမ်း၊ ဒဂုံ၊ပန်းဘဲတန်း၊ ဗဟန်း၊လသာ၊ လမ်းမတော်၊အလုံ၊ တာမွေ၊ ကမာရွက်၊ ရန်ကင်း၊ မဲဆန္ဒနယ် (၄)တွင် ကျောက်တံတား၊ ဒေါပုံ၊ပုဇွန်တောင်၊ ဗိုလ်တထောင်၊ မင်္ဂလာတောင်ညွန့်၊သာကေတ၊ဒလ၊ဆိပ်ကြီးခနောင်တို၊ မဲဆန္ဒနယ် (၅)တွင် လှိုင်သာယာ၊ အင်းစိန်၊ မဲဆန္ဒနယ် (၆)တွင် မရမ်းကုန်း၊လှိုင်၊ မင်္ဂလာဒုံ၊ ရွှေပြည်သာ မြို့နယ်တို့ ပါဝင်ကြကြောင်း သိရသည်။

 

ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေအရ ယခု မြို့တော်ကော်မတီဝင် နေရာအတွက် ရွေးကောက်တင်မြှောက်ခံရသည့် ကိုယ်စားလှယ် ၆ ဦး ထဲမှ တစ်ဦးကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် အဖြစ် အစိုးရခန့် မြို့တော်ကော်မတီဝင် ၅ ဦးနှင့် ရွေးကောက်ခံ ၆ ဦး တို့က  လျို့ဝှက်မဲစနစ်ဖြင့် ရွေးချယ် သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရသည်။

 

(သတင်း-မင်းသစ်(MNA)/ဓာတ်ပုံ-ဇင်မင်း)