ပုသိမ် ၁ ဧပြီ
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူသည် ဧရာဝတီတိုင်းဒေသကြီး ခရိုင်နှင့် မြို့နယ်များမှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား ယနေ့ညနေပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ဧရာရွှေဝါ ခန်းမ၌ တွေ့ဆုံသည်။
ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တိုင်း ဒေသကြီးအုပ်ချုပ်ရေးမှူး ဦးသန်းဆွေဝင်းက ခရိုင်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ် အုပ်ချုပ်ရေးမှူးများနှင့် မိတ်ဆက်ပေးပြီး ဧရာဝတီတိုင်းဒေသကြီး အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမင်းသူက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန လက်အောက် သို့ပြောင်း ရွှေ့ဖွဲ့ စည်းခဲ့ သည်မှာ (၃)လကျော်ရှိပြီဖြစ်ပါကြောင်း၊ နိုင်ငံတော် သမ္မတ၏ လမ်းညွှန်ချက်၊ နိုင်ငံတော်အစိုးရ၏ မူဝါဒ၊ ပြည်သူများလိုလားသည့် နိုင်ငံရေးစနစ်နှင့်အညီ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနကို ပြုပြင်ပြောင်းလဲနိုင်ရန် ၂၀၁၉ ခုနှစ် ဖော်ဖော်ဝါရီ ၂၆ ရက်မှ ၂၈ ရက်အထိ လက်ရှိ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ဝါရင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းဟောင်းများ ပါဝင်သည့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ၍ ထွက်ပေါ် လာသည့် ရလဒ်များ၊ ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အကြံပေး အဖွဲ့၏ အကြံပြုချက်များအပေါ် အခြေခံ၍ ဌာန၏ မျှော်မှန်းချက် (Vision)ဖြစ်သည့် ပြည်သူကို ဗဟိုပြုသည့် ကောင်းမွန်သော အုပ်ချုပ်ရေးယန္တယား တည်ဆောက်ရေးကို ချမှတ်ခဲ့ပြီးဖြစ်ပါကြောင်း။
ထို့အပြင် လုပ်ငန်းတာဝန် (၄)ရပ်ဖြစ်သည့် တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာ အေးချမ်းသာယာရေး၊ နိုင်ငံတော်အစိုးရ၏ မူဝါဒများ အကောင်အထည်ဖော်ရေး၊ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် အကောင်အထည်ဖော်ဆောင်ရေးနှင့် ပြည်သူ ဗဟိုပြု ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရေးနှင့်ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်(၃)ရပ်ဖြစ်သည့် မူဝါဒပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေး၊ လုပ်ထုံး လုပ်နည်းနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ပြုပြင်ပြောင်းလဲရေးနှင့် ဒေသဖွံ့ဖြိုးရေးနှင့် လုပ်နည်းစနစ်ကောင်းများ တည်ဆောက်ရေးတို့ကိုလည်း ဖော်ထုတ်နိုင်ခဲ့ပြီဖြစ်ပါကြောင်း။
“ပြုပြင်ပြောင်းလဲမှုစံနမူနာပြ ထွေအုပ်က” ဆိုသည့်အတိုင်း ဖြစ်လာစေရန် အတွက် ဖော်ထုတ်ရရှိခဲ့သည့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို Time Frame သတ်မှတ်၍ ဆောင်ရွက်မည့် လုပ်ငန်းစဉ်အပိုင်းအလိုက် စီမံချက်ရေးဆွဲဆောင်ရွက် ရန်လည်း ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အကြံပေးအဖွဲ့၊ ပညာရှင်များနှင့် ညှိနှိုင်း ဆောင်ရွက်နေပါကြောင်း။
အနှစ်သာရ ပြုပြင်ပြောင်းလဲရန်အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းအဆင့်ဆင့် လိုက်နာကျင့်သုံးရမည့် လုပ်ငန်းလက်စွဲ(Manual)များ၊ ဝန်ထမ်း ကျင့်ဝတ်(Code of Conduct)များ ရေးဆွဲရန်၊ ပြဋ္ဌာန်းသတ်မှတ်ချက်များကို ပြန်လည် သုံးသပ်နိုင်ရန် ဝန်ကြီးဌာနအဆင့် (Regulatory Review Unit) ကို ဖွဲ့စည်း ဆောင်ရွက်သွားရန် လုပ်ဆောင်နေပါကြောင်း။
ထို့အပြင် ပြည်သူလူထုအတွက် ရိုးရှင်းသည့်၊ လွယ်ကူသည့်စီမံခန့်ခွဲမှု၊ ဝန်ဆောင်မှုများ ပေးနိုင်ရန်အတွက် လုပ်ထုံးလုပ်နည်းများ၊ ပြဋ္ဌာန်းသတ်မှတ်ချက်များ အပေါ် ဖြေလျော့သင့်သည်များ၊ ပြင်ဆင်သင့်သည်များကို ပြန်လည်သုံးသပ်၍ အကြံပေးအဖွဲ့၊ ပညာရှင်များနှင့် ဆွေးနွေးညှိနှိုင်း၍ အတည်ပြုပြဋ္ဌာန်းသတ်မှတ်ပေးရ မည့် လုပ်ငန်းစဉ်များလည်း ရှိပါကြောင်း။
ဦးစားပေးပြောင်းလဲရန် မျှော်မှန်းထားသည့် ပြည်သူလူထုအတွက် ရိုးရှင်းလွယ်ကူသည့် စီမံခန့်ခွဲမှုစနစ်၊ ဝန်ဆောင်မှုပုံစံ ဆိုသည်မှာ ပြည်သူများ အချိန်ကုန်သက်သာမည်၊ ဝန်ထုပ်ဝန်ပိုးများ လျော့နည်းမည်၊ ဥပဒေနှင့်အညီ ရသင့် ရထိုက်သည့် အခွင့်အရေး၊ ဝန်ဆောင်မှုကို အားလုံး တန်းတူညီမျှ ရရှိနိုင်မည့် စနစ်မျိုး၊ ပုံစံမျိုးကို ဖော်ထုတ်ပေးနိုင်ရန် ဖြစ်ပါကြောင်း။
ဥပမာဆိုပါက-ဝန်ဆောင်မှုလုပ်ငန်းတစ်ခုခုကို ပြည်သူက ရယူလို၍ လျှောက် ထားလာပါက ရုံးပေါင်းစုံ၊ ဌာနပေါင်းစုံကို အလီလီသွားနေရပါကြောင်း၊ အချိန်ကုန်ပါ ကြောင်း၊ ဝန်ထုပ်ဝန်ပိုး ဖြစ်သည်ဆိုသည့် ပြည်သူ့အသံများကို ကြားသိရခြင်းကြောင့် ထိုကဲ့သို့ အခက်အခဲများ၊ ဝန်ထုပ်ဝန်ပိုးများကို ဖြေလျှော့ပေးနိုင်ရန် ပြည်သူ့ ဝန်ဆောင်မှုရုံး(OSS)များကို ၂၀၁၅ ခုနှစ် ဇူလိုင်လမှစ၍ ဖွင့်လှစ်ထားခဲ့ပြီး ဖြစ်ပါကြောင်း။
အလားတူ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနအပါအဝင် ဌာနအများဆုံး (၁၅)ခုအထိ ပါဝင်သည့် (OSS)ရုံး များကို ယနေ့အထိ တစ်နိုင်ငံလုံးတွင် (၃၁၆)ရုံး ဖွင့်လှစ်ထားခဲ့ပြီးဖြစ်ပါကြောင်း၊ သို့သော် လက်တွေ့ဆောင်ရွက်သည့်အခါ ယင်း(OSS)ရုံးများမှာ ပြည်သူများ၏ အခက်အခဲကို မဖြေရှင်းပေးနိုင်ဘဲ ပြည်သူများသွားလာရသည့် ရုံးတစ်ရုံးသာ ပိုလာ သည်ဆိုသည့် ရုံးမျိုးမဖြစ်စေချင်ပါကြောင်း။
(OSS)ရုံးကို သွားမေးလိုက်သည်နှင့် အစိုးရကပေးသည့် မည်သည့်ဝန်ဆောင်မှု လုပ်ငန်းမဆို ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို ရှင်းရှင်းလင်းလင်း နားလည် အောင်၊ သိသွားအောင် ရှင်းပြနိုင်ရမည်၊ လိုအပ်သည့် အထောက်အထား၊ အချက် အလက်များအတွက် ပုံစံများကို လိုအပ်ပါက တစ်ပါတည်း ပေးလိုက်နိုင်ရမည်ဖြစ်ပါ ကြောင်း၊ ယင်းသည် အလွယ်တကူ ပြောင်းလဲ၍ရသည့် ပထမအဆင့် ဖြစ်ပါကြောင်း။
ဒုတိယအဆင့်အနေဖြင့် မည်သည်မှာ အမှန်တကယ်လိုအပ်ပြီး မည်သည်ကို ဖြေလျော့ပေးနိုင်မည် စသည့် ဖြေလျော့မှုများ၊ ပြင်ဆင်မှုများ၊ ထို့အတူ ထောက်ခံချက် များ၊ စိစစ်ချက်များကို သက်ဆိုင်ရာ ဌာနများမှ စိစစ်ပေးသည့်နေရာတွင် အချိန်ကာလ သတ်မှတ်ပေးနိုင်မည့်စသည်ဖြင့် ပြုပြင်ပြောင်းလဲနိုင်ရန် မိမိတို့ အကြံပေးအဖွဲ့များ၊ ပညာရှင်များနှင့် တိုင်ပင်ဆွေးနွေးနေပါကြောင်း၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအနေဖြင့် (OSS) ရုံးတွင် လက်တွေ့ ဆောင်ရွက်နေ သည့် ဝန်ထမ်းများဖြစ်၍ အားသာချက်များ၊ အားနည်းချက်များကို သိမည်မှာ အမှန်ပင် ဖြစ်ပါကြောင်း။
ထို့ကြောင့်(OSS)ရုံးများ အရည်အသွေးမြှင့်တင်ရေးနှင့် ပိုမိုအောင်မြင်စွာ ဖွင့်လှစ် နိုင်ရေးတို့အတွက် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ဌာနဆိုင်ရာများ၏ ပံ့ပိုးကြီးကြပ်ကွပ်ကဲမှုများနှင့် ဗဟိုချုပ်ကိုင် မှုများလျှော့ချ၍ လုပ်ထုံးလုပ်နည်းအချို့ကို ဖြေလျှော့ပေးရန် လိုအပ်သည့်အပြင် လုပ်ငန်းများကိုလည်း အထောက်အကူဖြစ်စေရန် လုပ်ထုံးလုပ်နည်း စံနှုန်း(SOP) ရေးဆွဲနိုင်ရန်လည်း ဆောင်ရွက်လျက်ရှိပါကြောင်း။
ဝန်ထမ်းများအနေဖြင့် အကြံပြုလိုသည်များရှိပါက တိုင်းအုပ်ချုပ်ရေးမှူးမှ တစ်ဆင့် ဖြစ်စေ၊ အထွေထွှေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်မှတစ်ဆင့် ဖြစ် စေ၊ မိမိဝန်ကြီးရုံးအဖွဲ့ထံ တိုက်ရိုက်ဖြစ်စေ ပေးပို့နိုင်ပါကြောင်း။
ယခုဆိုလျင် မိမိတို့ရုံးအဖွဲ့မှ Facebook လူမှုကွန်ယက်တွင် ဝန်ကြီးဌာန Page ဖွင့် ထားပါကြောင်း၊ ယင်းကိုလည်း တိုက်ရိုက်ပေးပို့ အကြံပြုနိုင်ပါကြောင်း၊ မကြာမီ လွှင့်တင်မည့် ဝန်ကြီးဌာန Website တွင်လည်း အကြံပြုစာနှင့် တိုင်ကြားစာအတွက် သီးခြားကဏ္ဍတစ်ခု ဖွင့်လှစ်ပေးသွားမည်ဖြစ်ပါကြောင်း၊ e-Government စနစ်ကို အထောက်အကူပြုနိုင်ရန် ရုံးမှတ်တမ်းထိန်းသိမ်းရေး၊ ဌာနမှပေးသည့် ဝန်ဆောင်မှု လုပ်ငန်းများကို IT နည်းပညာသုံး၍ ပိုမိုထိရောက်စွာ ဆောင်ရွက်ရန် Software များ၊ Application များ ရေးဆွဲသွားရန် စီစဉ်ဆောင်ရွက်နေပါကြောင်း။
မိမိတို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဝန်ထမ်းများအားလုံးအတွက် အရေး ကြီးသည့် ဝန်ထမ်းပြောင်းရွှေ့ရေးမူ၊ လူသားအရင်းအမြစ်များကို စီမံခန့်ခွဲမှုစနစ်ကို ပွင့်လင်းမြင်သာမှုရှိအောင် ညီတူညီမျှဖြစ်အောင် ပြောင်းလဲပြင်ဆင်နိုင်ရန်လည်း ဆောင်ရွက်နေပါကြောင်း၊ ထို့အပြင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှလည်း Pilot Project အနေဖြင့် ဝန်ကြီးဌာနများတွင် Corruption Prevention Unit(CPU)များ ဖွဲ့စည်းရန် ဆောင်ရွက်နေသည်များ ရှိပါကြောင်း။
မိမိတို့ဝန်ကြီးဌာနမှလည်း မကြာမီ အဆိုပါ(CPU)ကို ဖွဲ့စည်းသွားမည်ဖြစ်ပြီး အဂတိတရား လျော့နည်းပပျောက်ရေးအတွက် မဖြစ်ခင် ကြိုတင်ကာကွယ်ရန်၊ တိုင်ကြားနိုင်သည့် စနစ်ထားရှိရန်၊ ကျော်ဇောသတင်းထွက်လျင် ခေါ်ယူသတိပေးရန်၊ အဂတိဖြစ်တတ်သည့် နယ်ပယ်များကို ဖော်ထုတ်ထိန်းချုပ်ရန်အတွက် စီမံချက် ရေးဆွဲဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
ထို့အတူ မိမိတို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၏ အရည်အချင်း၊ စွမ်းဆောင်ရည်များ မြှင့်တင်ပေးရန်ကိုလည်း ဆောင်ရွက်နေပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် အဓိကကျပြီး ၂၀ဝ၃ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့သည့် အုပ်ချုပ်ရေးပညာ ဖွံ့ဖြိုးမှု သင်တန်းကျောင်း(Institute of Development Administration)ကို အဆင့်မြှင့်တင်ရန်နှင့် ဖွဲ့စည်းပုံပြင်ဆင်ရန်၊ ပညာရှင်များ၊ ကျွမ်းကျင်သူများနှင့် ဆွေးနွေး၍ သင်ရိုး၊ သင်ခန်းစာ၊ သင်တန်းများ ပြောင်းလဲရန်၊ နိုင်ငံတကာအဆင့်မီ သင်တန်းကျောင်း များနှင့် ချိတ်ဆက်၍ အုပ်ချုပ်မှုသင်တန်းများ ဖွင့်လှစ်နိုင်ရန်၊ သင်တန်းကျောင်းကို လိုအပ်သည့် ထောက်ပံ့မှုများ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
ယင်းတို့သည် မိမိတို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပြုပြင်ပြောင်းလဲရေးကို စနစ်တကျ ဖော်ဆောင်သွားမည့် အစီအမံအချို့ကို ဝန်ထမ်းများ သိရှိနားလည်သဘော ပေါက်အောင် ရှင်းလင်းချပြခြင်းဖြစ်ပါကြောင်း၊ ယင်းအစီအမံများ၊ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရမည့် အချိန်တွင် ဝန်ထမ်းများအနေဖြင့် ပြုပြင် ပြောင်းလဲလိုသည့် စိတ်ဓာတ်၊ ခံယူချက်၊ ယုံကြည်ချက်များနှင့် ကြိုးပမ်းဆောင်ရွက်ပေး ကြရန် မိမိတို့အနေဖြင့် အလေးအနက်ထား တိုက်တွန်းလိုပါကြောင်း။
နိဂုံးချုပ်အနေဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် နိုင်ငံတော်၏ အဓိက ကျသည့် အုပ်ချုပ်ရေးကျောရိုးမဏ္ဍိုင်ကြီးဖြစ်သည်နှင့်အညီ ပြည်သူကို ဗဟိုပြုသည့် အုပ်ချုပ်ရေးယန္တရား တည်ဆောက်ရေးတွင် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို စံနမူနာပြု ဆောင်ရွက်ပေးကြစေလိုကြောင်း၊ ကိုယ်ကျိုးစီးပွားနှင့် အဂတိတရား ကင်းစင်အောင် စာရိတ္တမဏ္ဍိုင်ကို ခိုင်ခိုင်မာမာ တည်ဆောက်ကြစေလိုကြောင်း၊ ပြည်သူ နှင့် တွေ့ဆုံပါ၊ တိုင်ပင်ပါ၊ ပြည်သူ့များထံမှ အကြံဉာဏ်ရယူပြီး ပြည်သူနှင့် တစ်သား တည်း ရပ်တည်ဆောင်ရွက်စေလိုကြောင်း၊ ပြည်သူအတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်အောင် ဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေး ကြစေလိုကြောင်း၊ ဝန်ကြီးဌာနနှင့် ဦးစီးဌာန၏ မူဝါဒနှင့် လုပ်ငန်းစဉ်များကို လိုက်နာပြီး လုပ်နေကျ အလုပ်များကို ပိုမိုကောင်းမွန်အောင်၊ ပိုမိုထိရောက်အောင် လုပ်နည်း လုပ်ဟန်များကို ပြုပြင်ပြောင်းလဲနိုင်အောင် ကြိုးစားဆောင်ရွက်ကြပါဟု အလေးအနက် ထား တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ဧရာဝတီတိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများက လိုအပ်ချက်များကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးပြီး ဝန်ကြီးဌာန၏မူဝါဒနှင့် လုပ်ငန်းစဉ်များကို လေးစားလိုက်နာဆောင်ရွက်ရန် မှာကြားသည်။
(သတင်းစဉ်)


