ပုသိမ်ကြီး ၂ ဧပြီ


မန္တလေးခရိုင် ပုသိမ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စာရေးဆရာအသင်း၊ မြို့နယ်ပန်းချီပန်းပုအစည်းအရုံးနှင့် မြို့မိမြို့ဖများ ပူးပေါင်းကျင်းပသော နွေရာသီသင်တန်းများ ဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါ ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပဆောင်ရွက်သည်။


သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးအရာရှိ ဒေါ်မြင့်မြင့်သန်းနှင့် မြို့မိမြို့ဖ ဦးထွေးအောင် (ဥက္ကဋ္ဌ အာယုပါလက လူမှုရေး အသင်းအဖွဲ့) အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌ (နိုင်စေရ-မန်း တက္ကသိုလ်) က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို လည်းကောင်း၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်စိမ်းဝင်းက သင်တန်းစည်းမျဉ်း စည်းကမ်းများကို လည်းကောင်း အသီးသီး ရှင်းလင်းပြောကြား ခဲ့ကြသည်။


အဆိုပါ နွေရာသီသင်တန်းတွင် အခြေခံအင်္ဂလိပ် စကားပြောသင်တန်း၊ ပန်းချီရေးဆွဲနည်း သင်တန်း၊ စာပေရေးသားနည်း သင်တန်း၊ ဓာတ်ပုံအခြေခံသင်တန်းနှင့် ဂီတအခြေခံသင်တန်းတို့ကို အချိန်ပိုင်းအလိုက် သင်ကြားပေးသွားမည်ဖြစ်ပြီး၊ သင်တန်းသား သင်တန်းသူ စုစုပေါင်း ၉၂ ဦးတို့ တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။


ဇာနည်ကိုကို