မြိတ် ၂  ဧပြီ  


ကျေးလက်နေ အမျိုးသမီးများ မိမိနေရပ်တွင် တစ်ပိုင်တစ်နိုင် ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်နိုင်စေရန်နှင့် ဝင်ငွေတိုးပွားရရှိစေပြီး လူမှုစီးပွားဘဝများ မြှင့်မားလာစေရန် ရည်ရွယ်ချက်ဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး အသေးစားစက်မှု လက်မှုလုပ်ငန်း ဦးစီးဌာနနှင့် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း(မြိတ်) တို့ပူးပေါင်းဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်း အထောက်အကူပြု တန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ဧပြီ ၂ရက် နံနက် ၉ နာရီအချိန်က တနင်္သာရီ တိုင်းဒေသကြီး မြိတ်မြို့ ကန်ဖျားရပ်ရှိအမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်း ကျောင်းခန်းမ၌ကျင်းပခဲ့သည်။ 


သင်တန်းဖွင့်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီး အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်ဇင်ထွန်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး တိုင်းဒေသကြီးအသေးစားစက်မှု လက်မှု လုပ်ငန်းဦးစီးဌာနမှ ဒေါ်အေးမွန်ရည်(ဦးစီးမှူး)က သင်တန်းတွင်သင်ကြားပေးမည်တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်နည်းပညာရပ်များအားရှင်းလင်းပြောကြားခဲ့သည်။


ယခုသင်တန်းသည် ဒုတိယအကြိမ် ဖွင့်လှစ်သော သင်တန်းဖြစ်ပြီး အဆိုပါသင်တန်း သို့မြိတ်၊ ပုလော၊ ကျွန်းစုမြို့နယ်နှင့် တနင်္သာရီမြို့နယ် အတွင်းရှိကျေးရွာများမှ အမျိုးသမီး သင်တန်းသူ(၁၅)ဦး တက်ရောက်ခဲ့ကြသည်။ သင်တန်းကာလမှာ ဧပြီ ၂ ရက်မှ  ၈ ရက်နေ့အထိနေ့စဉ်နံနက် ၉ နာရီမှ ညနေ ၄ နာရီ ၃၀ မိနစ်အထိ အခမဲ့သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။


သင်တန်းကာလအတွင်း သစ်သီးမျိုးစုံ ဖျော်ရည်ပြုလုပ်နည်း အမျိုးမျိုး၊ သစ်သီးယိုမျိုးစုံ၊ ကွတ်ကီး၊ ကိတ်ပြုလုပ်နည်း၊ သရက်သီးသနပ်ပြုလုပ်နည်း၊ ဂျယ်လီအမျိုးမျိုး၊ ဘာလချောင်ကြော်၊ အားလူးကြော်၊ ငါးမုန့်၊ စာကလေးခွေ ပြုလုပ်နည်းစသည့် ဘာသာရပ်(၂၂)မျိုးကို သင်ထောက်ကူ ပစ္စည်းအစုံအလင်ဖြင့် စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သင်တန်းနည်းပြ ဆရာမ ဒေါ်အေးမွန်ရည်၏ ပြောပြချက်အရ သိရသည်။


မြင့်ဦး(မြိတ်)