နေပြည်တော် ၂ ဧပြီ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေး ဦးစီးဌာနနှင့် ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း IOM(မြန်မာ)တို့ ပူးပေါင်း၍ “ဘေးအန္တရာယ် ကျရောက်ချိန်တွင် ထိခိုက်လွယ်သောရွှေ့ပြောင်းသွားလာသူများအား ကာကွယ်စောင့်ရှောက်မှု မြှင့်တင်ရေးဆိုင်ရာသင်တန်း” ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Grand Amara Hotel ၌ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းဇော် က ရွှေ့ပြောင်း သွားလာနေထိုင်သူများသည် ၎င်းတို့ရောက်ရှိနေကြသော လက်ခံနိုင်ငံများတွင် ဘေးအန္တရာယ် များ ကျရောက်ချိန်တွင် ထိခိုက်နစ်နာမှုများခံစားခဲ့ရပါကြောင်း၊ ရွှေ့ပြောင်းသွားလာသူများ အနေ ဖြင့် ၎င်းတို့ရောက်ရှိနေသည့် နိုင်ငံ၏ ကူညီကယ်ဆယ်ရေးဆိုင်ရာ ယန္တရားများနှင့် ယင်းတို့ကို အသုံးပြုနိုင်မည့် နည်းလမ်းများနှင့်စပ်လျဉ်း၍ ဗဟုသုတနည်းပါးမှု၊ အန္တရာယ်ကျရောက်နေ သည့်နေရာများမှ ကူညီကယ်ဆယ်ပေးမည့် လူသားအရင်းအမြစ်မလုံလောက်မှုများနှင့် ဘေးကင်းရာနေရာသို့ စိုးရိမ်ကြောင့်ကြမှုကင်းစွာရွှေ့ပြောင်းသွားလာနိုင်ရေးအတွက်အခက်အခဲများရင်ဆိုင်နေရကြောင်း၊
ထိုကဲ့သို့ မြန်မာနိုင်ငံသားရွှေ့ပြောင်းသွားလာနေထိုင်သူများ၏ ထိခိုက်နစ်နာမှုများကို တတ်နိုင်သမျှ လျှော့ချနိုင်ရေးအတွက် ကြိုတင်ကာကွယ်ရေး၊ တုန့်ပြန်ရေးနှင့်စပ်လျဉ်းသည့် လုပ်ငန်းစဉ်များကိုရေးဆွဲဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးပွဲများ၊ စွမ်းဆောင် ရည်မြှင့်တင်ရေးသင်တန်းများကိုဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုတက်ရောက်လာသည့် သင်တန်းသား သင်တန်းသူများသည် ရွှေ့ပြောင်းသွားလာသူများ၏ အရေးကိစ္စများကို နှီးနွယ်ဆက်စပ် နေသည့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ ဖြစ်သည်နှင့်အညီ သင်တန်းကာလအတွင်း သင်တန်းနည်းပြများ၏ သင်ကြားပို့ချချက်များအားမိမိတို့၏ မူလပင်မတာဝန်များနှင့် ဆက်စပ်၍ ရွှေ့ပြောင်းသွားလာနေထိုင်သူများ၏ အကောင်းဆုံးအကျိုးစီးပွားကို ဆောင်ရွက်နိုင်ရေးအတွက် ထိရောက်သည့်အကြံဉာဏ်များနှင့် လက်ရှိဆောင်ရွက်နေသည့် နည်းလမ်းများအပြင် ထပ်မံ၍ ထိထိရောက်ရောက် ဆောင်ရွက်နိုင်သည့် နည်းလမ်းများရှိပါကလည်းရင်းနှီးပွင့်လင်းစွာဖြင့် ဆွေးနွေးပေးစေလိုကြောင်းပြောကြားသည်။
အဆိုပါသင်တန်းကို ဧပြီ ၂ ရက်မှ ၃ ရက်အထိ ၂ ရက်တာကျင်းပ သွားမည်ဖြစ်ပြီး ပြည်ထဲ ရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့မှ သင်တန်းသား/သူစုစုပေါင်း ၂၃ ဦးဖြင့် ဖွင့်လှစ်သွား မည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)


