ကသာ ၃ ဧပြီ     

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့တွင် ၁၃၈၀ ပြည့်နှစ်၊ မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန် ပွဲတော်ကို ပထမဆုံးအကြိမ်  လမ်းလျှောက်သင်္ကြန် ပွဲတော်အဖြစ် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ် သွားမည် ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ လမ်းလျှောက်သင်္ကြန်အား "ဖက်ဆွတ်ဧရာသင်္ကြန်" အမည်ပေးထားပြီး ကသာမြို့ ဧရာဝတီမြစ်ဘေး  ကမ်းနားလမ်းတစ်လျှောက် အမှတ်(၃)ရပ်ကွက်၊ လေးထပ်ကျောင်းထိပ်မှ အမှတ်(၁) ရပ်ကွက် မြောက်ကျောင်း ဘုန်းတော်ကြီးကျောင်းအထိ ကျင်းပပြီး လမ်းလျှောက်သင်္ကြန်အတွက်     ရောင်စုံထီး အလက် (၂၀၀)၊ ပုသိမ်ထီး အလက် (၅၀)၊ ဒေသထွက် ခမောက် (၁၀၀) ခုဖြင့် လမ်းတစ်လျှောက် မြို့မိမြို့ဖများနှင့် ဌာနဆိုင်ရာများမှ စုပေါင်း အလှဆင်ခြင်းများ ပြုလုပ်သွားမည်ဖြစ်သည်။ 

 

လမ်းလျှောက်သင်္ကြန် ဆင်နွဲရာတွင် ဗဟိုမဏ္ဍပ်နှင့် ရေပက်မဏ္ဍပ် (၁၀) ခု ဖြင့် နေ့လည်ပိုင်းတွင် ကသာမြို့မှ လုပ်သားမောင် မြန်မာ့ဆိုင်းဝိုင်း၊  Pandora Music Band  နှင့် ယိမ်းအဖွဲ့ (၈) ဖွဲ့တို့မှ သင်္ကြန် အကအလှများဖြင့် ဖျော်ဖြေသွားမည်ဖြစ်ကြောင်းနှင့် အဆိုပါ "ဖက်ဆွတ်ဧရာ" လမ်းလျှောက်သင်္ကြန်ကို ကသာမြို့တွင် ပထမဆုံးအကြိမ် ကျင်းပမည်ဖြစ်သည့်အတွက် အနီးအနားရှိ မြို့နယ်များနှင့် ကျေးရွာများရှိ အတာသင်္ကြန်ကို ချစ်မြတ်နိုးသူများမှ လာရောက်ဆင်နွဲကြမည် ဖြစ်ကြောင်း သိရသည်။

 

ဟန်မျိုးကျော်(ကသာ)