ရန်ကုန် ၃ ဧပြီ
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် ၁၃၈၀ ပြည့်နှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန် ပွဲတော်ကို ပြည်သူများ မြန်မာ့ရိုးရာ အစဉ်အလာမပြတ် အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲနိုင်ရေးအတွက် ဆပ်ကော်မတီများ ဖွဲ့စည်း၍ ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယခုနှစ် သန်လျင်မြို့နယ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို မြို့နယ်စည်ပင်ရုံးအနီးတွင် ဗဟိုမဏ္ဍပ် ဆောက်လုပ်လျက်ရှိပြီး သင်္ကြန်အကြိုနေ့မှ အတက်နေ့အထိ ယိမ်းပြိုင်ပွဲ၊ သံချပ်ပြိုင်ပွဲ၊ နိုင်ငံကျော်ဂီတ အနုပညာရှင်များ၏ တေးဂီတဖျော်ဖြေပွဲ၊ မြန်မာ့ရိုးရာ ဆိုင်းဝိုင်းနှင့်အတူ ဖျော်ဖြေတင်ဆက် သွားမည်ဖြစ်ပြီး လမ်းလျှောက်သင်္ကြန် ပါဝင်ဖြစ်မြောက်ရေးအတွက် စီစဉ်လျက်ရှိကြောင်း သိရသည်။
သန်လျင်မြို့နယ် ၁၃၈၀ ပြည့်နှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်တွင် သံချပ်ပြိုင်ပွဲဝင် (၆) ဖွဲ့နှင့် ရပ်ကွက်၊ ကျေးရွာများမှ ယိမ်းပြိုင်ပွဲဝင် (၁၁)ဖွဲ့တို့ ပါဝင်ယှဉ်ပြိုင် ကြမည်ဖြစ်ကြောင်း သိရသည်။
သက်ခိုင် (သန်လျင်)


