ပွင့်ဖြူ   ၃   ဧပြီ   

           

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် စက်မှုလယ်ယာဦးစီးဌာနနှင့် ကူဘိုတာ လယ်ယာသုံးစက်ကိရိယာရောင်း ဝယ်ရေးကုမ္ပဏီတို့ ပူးပေါင်းကျင်းပပြုလုပ်သည့် ကူဘိုတာကောက်စိုက်စက်ဖြင့် စမ်းသပ် စိုက်ပျိုးခြင်း တောင်သူပညာပေး ကွင်းသရုပ်ပြပွဲကို ဧပြီ ၁ ရက် နံနက်ပိုင်းက ပွင့်ဖြူမြို့နယ် ဇီးတောကျေးရွာအုပ်စု ကျောင်းစုကျေးရွာ တောင်သူ ဦးအောင်အောင်၏  ကွင်းအမှတ် ၇၈၄ ၊ ဦးပိုင်အမှတ် ၉၄ ရှိ စပါးစိုက်လယ်မြေတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

           

ကွင်းသရုပ်ပြပွဲတွင် ရှေးဦးစွာ မကွေးတိုင်းဒေသကြီးစက်မှုလယ်ယာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးကိုကို က  နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ လယ်ယာသုံးစက်ကိရိယာပစ္စည်းများ တိုးတက်များပြားနေလျက်ရှိပြီး တောင်သူများအတွက် သီးနှံစိုက်ပျိုးရာ၌ လုပ်သားရှားပါးမှု အခက်အခဲများနှင့် သီးနှံစိုက်ပျိုးစရိတ် ကုန်ကျမှုများ များစွာလျော့နည်း သက်သာသွားစေကြောင်းနှင့် စိုက်နည်းစနစ် မှန်ကန်မှုကြောင့် သီးနှံအထွက်နှုန်းများ ပိုမိုရရှိလာကြောင်း၊ ယခု ပြုလုပ်သည့် ကောက်စိုက်စက်ဖြင့် စိုက်နည်းစနစ်ကွင်းသရုပ်ပြပွဲကို တောင်သူများအနေဖြင့် စနစ်တကျ လေ့လာပြီး မိမိတို့မြို့ရွာ လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားဆောင်ရွက်လုပ်ကိုင်ကြစေလိုကြောင်း ရှင်းလင်းပြောကြားသည်။  ဆက်လက်၍ ကူဘိုတာ လယ်ယာသုံးစက်ကိရိယာရောင်းဝယ်ရေးကုမ္ပဏီမှ တာဝန်ရှိသူ ကိုဂျိုးက ကူဘိုတာ ကုမ္ပဏီမှ ထုတ်လုပ်သည့် လယ်ယာသုံး စက်ကိရိယာပစ္စည်းများနှင့် ကူဘိုတာ ကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးနည်းပညာများကို အသေးစိတ် ရှင်းလင်းဆွေးနွေး ပြောကြားသည်။

 

1

           

ထို့နောက် ပွင့်ဖြူမြို့နယ် ဇီးတောကျေးရွာအုပ်စု ၊ ကျောင်းစုကျေးရွာမှ တောင်သူ ဦးအောင်အောင် ၏ ကွင်းအမှတ် ၇၈၄ စပါးစိုက်လယ်မြေ ငါးဧကတွင် ကူဘိုတာကောက်စိုက်စက်ဖြင့် စိုက်ပျိုးနည်းစနစ်အား တောင်သူပညာပေးကွင်းသရုပ်ပြပွဲကို ပြုလုပ်ရာ တိုင်းဒေသကြီးဦးစီးမှူး ဦးကိုကိုနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဖိတ်ကြားထားသည့် ဒေသခံတောင်သူများက စိတ်ဝင်တစ်စား လေ့လာကြည့်ရှုခဲ့ကြသည်။

           

အဆိုပါ ကောက်စိုက်စက်ဖြင့် စမ်းသပ်စိုက်ပျိုးခြင်းတောင်သူပညာပေးကွင်းသရုပ်ပြပွဲသို့ မကွေးတိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးကိုကိုနှင့် ဝန်ထမ်းများ ၊ ဌာနဆိုင်ရာအကြီးအကဲများ ၊ ပွင့်ဖြူမြို့နယ် ဇီးတောကျေးရွာ၊ ကျောင်းစုကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာများမှ ဖိတ်ကြားထားသည့် ဒေသခံတောင်သူ ၂၀ဝ ခန့် တက်ရောက်ခဲ့ကြောင်းသိရသည်။

 

ရဲဝင်းနိုင် (ညောင်ဦး)

 

1