ပဲခူး ၃ ဧပြီ
ပဲခူးတိုင်းဒေသကြီး စစ်တုရင်ပြိုင်ပွဲ ဖြစ်မြောက်ရေးကော်မတီမှ ဦးဆောင်ကျင်းပသည့် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၄) ခရိုင်အမျိုးသား/ အမျိုးသမီး စစ်တုရင်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဧပြီ ၂ ရက် မွန်းလွဲပိုင်းက ပဲခူးမြို့ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီးအားကစား ခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အပြည်ပြည်ဆိုင်ရာ စစ်တုရင် အမျိုးသား (၂၅) နှစ်အောက်၊ အပြည်ပြည်ဆိုင်ရာ စစ်တုရင် အမျိုးသား အလွတ်တန်း၊ မြန်မာ့ရိုးရာစစ်တုရင် အမျိုးသား (၂၅) နှစ်အောက်၊ မြန်မာ့ရိုးရာ စစ်တုရင် အမျိုးသားအလွတ်တန်း၊ အပြည်ပြည်ဆိုင်ရာ စစ်တုရင် အမျိုးသမီး (၂၅) နှစ်အောက်၊ အပြည်ပြည်ဆိုင်ရာစစ်တုရင် လူငယ် (၂၀)နှစ် အောက် ပြိုင်ပွဲများအား နောက်ဆုံးဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ကြသည်။
ထို့နောက် ပြိုင်ပွဲအလိုက် ဆုရရှိကြသူများအား တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်သည်။
အဆိုပါစစ်တုရင်ပြိုင်ပွဲအား တိုင်းဒေသကြီးအတွင်းရှိ အားကစားသမားများ အချင်းချင်း ချစ်ကြည်ရင်းနှီးစွာဖြင့် တိုင်းဒေသကြီး၏ စိတ်ဓာတ်ကို ဖော်ဆောင်နိုင်စေရန်၊ ထူးချွန်သော မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန်၊ နိုင်ငံတော်၏ စစ်တုရင်အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်စေရန် ရည်ရွယ်၍ ဧပြီလ(၁)ရက်နေ့မှ(၂)ရက်နေ့အထိ ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ပြိုင်ပွဲဦးရေ(၄၆) ဦးပါဝင်ယှဉ်ပြိုင်ကြကြောင်း သတင်းရရှိသည်။
တင်စိုး(ပဲခူး)


