ကျွန်းလှ ၃ ဧပြီ
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ဧပြီ ၂ ရက် ည ၈ နာရီ ၁၅ မိနစ်ခန့်က လေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းတော်ကြီးကျောင်းများနှင့် နေအိမ်များ အမိုးလန်ပျက်စီးခြင်းနှင့် ဓာတ်တိုင်များ ကျိုးကျပျက်စီးခြင်းတို့ဖြစ်ပွားခဲ့ကြောင်း သိရသည်။
လေပြင်းတိုက်ခတ်မှုကြောင့် ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ်ညောင်ပင်ကျေးရွာတွင် လူနေအိမ် ၁၇ လုံးမှ သွပ်များ အမိုးလန်ပျက်စီးခြင်း၊ ညောင်ပင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းမှ ဆွမ်းစားဆောင်နှင့် ဓမ္မာရုံမှသွပ်မိုးလန်ပျက်စီးခြင်း၊ အိမ်ခြေကျေးရွာနှင့် ရွာကုန်ကြီးကျေးရွာသို့ သွယ်တန်းထားသောလျှပ်စစ်ကွန်ကရစ်တိုင်များ ကျိုးကျပျက်စီးခြင်း၊ တည်ပင်ဆိပ်ကျေးရွာမှ လူနေအိမ်(၃)လုံး သွပ်မိုးလန် ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူ မရှိကြောင်းနှင့် ယနေ့ နံနက်ပိုင်းတွင် ကျွန်းလှမြို့နယ်စီ/ခန့်ဥက္ကဋ္ဌ ဦးသက်ထားမောင် ဦးစီးသောအဖွဲ့၊ မီးသတ်ဦးစီးမှူး ဦးကျော်ကျော်ဦး ဦးစီးသော အဖွဲ့နှင့် ကျွန်းလှမြို့နယ်ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသောကျေးရွာများသို့ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လူအောင်(ကသာ)


