မြဝတီ ၃ ဧပြီ
“ မြဝတီမြို့၊ သင်္ဃန်းညီနောင်ကျေးရွာရှိ လမ်းတံတားကြေးနှင့် မြို့ဝင်ကြေး ကောက်ခံနေသော ဂိတ်အား ကွင်းကလေး ကျေးရွာအလွန် မြို့ပြင်နေရာသို့ ပြောင်းရွှေ့ နေရာသတ်မှတ်ပေးရန် အစီအစဉ် ရှိ / မရှိ” မေးခွန်းအား ဧပြီ ၂ ရက်က ကျင်းပသည့် ဒုတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် ဒသမပုံမှန်အစည်းအဝေး (ဒုတိယ)နေ့တွင် မြဝတီမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က မေးမြန်း တင်ပြခဲ့ကြောင်း သိရသည်။
အဆိုပါ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး၊ ဦးသန်းနိုင် က မြဝတီမြို့၊ သင်္ဃန်းညီနောင်ကျေးရွာရှိ လမ်းတံတားကြေး ကောက်ခံသည့် လုပ်ငန်းမှာ ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်း၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်သည့် လုပ်ငန်းဖြစ်ပြီး မြို့ဝင်ကြေးဂိတ်မှာ မြဝတီမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့ဝင် ဘီးကောက်(၁) အခွင့်အရေး လိုင်စင်အား လေလံချထားပေးခဲ့သည့် လုပ်ငန်းဖြစ်ပါကြောင်း၊ မြဝတီမြို့၊ သင်္ဃန်းညီ နောင်ကျေးရွာရှိ လမ်းတံတားကြေးနှင့် မြို့ဝင်ကြေး ကောက်ခံနေသောဂိတ်အား ကွင်းကလေးကျေးရွာအလွန် မြို့ပြင်နေရာသို့ ပြောင်းရွှေ့နေရာ သတ်မှတ်ပေးနိုင်ရေးအတွက် မြဝတီမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ (၁၄-၂-၂၀၁၉) ရက်စွဲပါ စာအမှတ်၊ ၂၇၈ / င - ၁၁ / မဝတ(ဝ၀၁) ဖြင့် မြဝတီမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနသို့ လိပ်မူ၍ မြဝတီခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသို့ မိတ္တူပေးပို့ပြီးဖြစ်ပါကြောင်း၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သက်ဆိုင်ရာ ဌာနများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ လမ်းဦးစီးဌာနနှင့် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ် ရေးအဖွဲ့များဖြင့် ပေါင်းစပ်ညှိနှိုင်း၍ သင့်တော်သည့် မြေနေရာအား ကရင်ပြည်နယ်အစိုးရ အဖွဲ့သို့ တင်ပြပြီး ခွင့်ပြုချက်ရရှိလျှင် မြို့ဝင်ကြေး ကောက်ခံရေးဂိတ်အား ရွှေ့ပြောင်းဆောင်ရွက်သွားနိုင်မည် ဖြစ်ပါကြောင်းဖြင့် ရှင်းလင်း ဖြေကြားခဲ့သည်။
ယခုလက်ရှိ ကောက်ခံနေတဲ့ဂိတ်က ရွာဧရိယာထဲမှာရောက်နေတဲ့အတွက် ဒီဂိတ်အလွန်မှာ ရှိနေတဲ့ ကွင်းကလေး ကျေးရွာ၊ တံတားကျိုးက ရွာသားတွေအနေနဲ့ သွားလာရတဲ့အခါ အဆင်မပြေမှုတွေဖြစ်တယ်၊ အဲ့ဒါအပြင် ဒီဂိတ်မှာလည်း ခရီးသွားတွေနဲ့ အများအားဖြင့် ရွာသူရွာသားတွေနဲ့ ပြဿနာ ခဏခဏ တက်နေတာပေါ့၊ အဲ့လို မလိုလားအပ်တဲ့ ကိစ္စတွေ မဖြစ်စေဖို့ ခုလို မေးမြန်းရခြင်း ဖြစ်ပါတယ်ဟု မြဝတီမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က ပြောသည်။
ထိန်လင်းအောင်(ပြန်/ဆက်)


