နေပြည်တော် ၃ ဧပြီ

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံ သံအမတ်ကြီး H.E. Ms. Tone Tinnes နှင့် မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ် အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးညွန့်အောင်နှင့် အဖွဲ့တို့ကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး၌ သီးခြားစီတွေ့ဆုံသည်။

 

နော်ဝေနိုင်ငံ သံအမတ်ကြီးနှင့်တွေ့ဆုံစဉ် မိုင်းအန္တရာယ် အသိပညာပေးခြင်း၊ မိုင်းဒဏ်ခံရသူများအား ထောက်ပံ့ခြင်းနှင့် ပြန်လည်ထူထောင်ခြင်းဆိုင်ရာ လုပ်ငန်းများတွင် နော်ဝေနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များ၊ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Thailand's Mine Action Centre သို့ မြန်မာနိုင်ငံမှ ကိုယ်စားလှယ်များ သွားရောက်လေ့လာနိုင်မည့် အခြေအနေများနှင့်စပ်လျဉ်း၍ ဆွေးနွေးကြသည်။

 

မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ်၊ အလုပ်အမှုဆောင်အဖွဲ့နှင့် တွေ့ဆုံစဉ် မသန်စွမ်းသူအသင်းအဖွဲ့ ကိုယ်စားလှယ်များအနေဖြင့် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့ ကုလသမဂ္ဂရုံးတွင် ကျင်းပမည့် မြန်မာနိုင်ငံ မသန်စွမ်းသူများ၏ အခွင့်အရေးများအား ပြန်လည်သုံးသပ်ခြင်း အစည်းအဝေးသို့ တက်ရောက်ကြမည်ဖြစ်ရာ နိုင်ငံတော်အစိုးရက လူတစ်ဦးချင်းစီ၏ အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးနေမှုများ၊ မသန်စွမ်းသူများအရေးနှင့် ပတ်သက်၍ အကောင်အထည်ဖော်ခြင်း နောက်ဆုံးဖြစ်ပေါ် တိုးတက်မှုများ၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီက ဦးဆောင်၍ လုပ်ငန်းကော်မတီ၊ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ကော်မတီများ၊ ကဏ္ဍအလိုက် ဆပ်ကော်မတီ(၈)ခုဖြင့် ဖွဲ့စည်းဆောင်ရွက်နေမှုများ၊ မသန်စွမ်းသူများ အလုပ်အကိုင်အခွင့်အလမ်းရရှိရေး၊ မသန်စွမ်းမှု အဆင့်သတ်မှတ်ခြင်းနှင့် မှတ်ပုံတင်ခြင်း၊ မသန်စွမ်းမှုဆိုင်ရာ ဝေါဟာရ အသုံးအနှုန်းများလက်စွဲ လမ်းညွှန်ထုတ်ဝေမည့်ကိစ္စ၊ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူအားလုံး၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ သာတူညီမျှရှိစေရေး ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

(သတင်းစဉ်)