နေပြည်တော် ၃ ဧပြီ
ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် အမေရိကန်နိုင်ငံအခြေစိုက် Duane Morris & Selvam LLP တို့ပူးပေါင်း၍ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးလုပ်ငန်း ဥပဒေများဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Kempinski Hotel ၌ ကျင်းပသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေမည့် ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးလုပ်ငန်း ဥပဒေများကို ပြင်ဆင်ပြဋ္ဌာန်းလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအတွက် များစွာအလားအလာရှိသည့် နိုင်ငံဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင်လည်း ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ရင်းနှီးမြှုပ်နှံမှု ဝန်းကျင်ကောင်း ဖြစ်ထွန်းလာရေးကို အလေးထား ဆောင်ရွက်နေပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုများ လွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေတို့ကို နိုင်ငံတကာကျင့်သုံးမှုများနှင့် လိုက်လျောညီထွေစွာ ပြဋ္ဌာန်းခဲ့ပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အငြင်းပွားမှုများ ဖြေရှင်းနိုင်ရေးအတွက် အနုညာတစီရင်ဆုံးဖြတ်ရေး ဥပဒေပြဋ္ဌာန်းခြင်း၊ New York Convention သို့ အဖွဲ့ဝင်အဖြစ် ပါဝင်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုကဲ့သို့ဘာသာရပ် ဆိုင်ရာသင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခြင်းဖြင့် အတွေ့အကြုံဗဟုသုတများ တိုးပွားစေပြီး ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးဆိုင်ရာ ဥပဒေများကို ထိရောက်စွာ ကျင့်သုံးဆောင်ရွက်နိုင်မည်ဖြစ်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်စေပါကြောင်း ပြောကြားသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်နှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် Duane Morris & Selvam LLP မှ Mrs. Arafat Selvam၊ Managing Director Mr. Krishna Ramachandra၊ ပြည်ထောင်စုရှေ့နေချုပ်(ငြိမ်း) ဒေါက်တာထွန်းရှင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
(သတင်းစဉ်)


