ရန်ကုန် ၃ ဧပြီ 

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို ဖော်ထုတ်နိုင်ရန် ရည်ရွယ်၍ “ပျော်ရွှင်ဆင်နွှဲ တိုင်းရင်းသား ရိုးရာပွဲ” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သွားပါမည်။ အဆိုပါပြိုင်ပွဲကို တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ၊ ယဉ်ကျေးမှုပွဲတော်များ၊ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ တိုင်းရင်းသားများ၏ ဝတ်စားဆင်ယင်မှုနှင့် ရိုးရာအသုံးအဆောင်ပစ္စည်းများ၊ စာပေ၊ သဘင်၊ ဂီတဖွံ့ဖြိုးတိုးတက်လာမှုများကို ဖော်ညွှန်းရိုက်ကူးထားသည့် ဓာတ်ပုံများဖြင့် ပါဝင်ယှဉ်ပြိုင်ရမည် ဖြစ်ပါသည်။

ပြိုင်ပွဲစည်းကမ်းချက်များမှာ ပြိုင်ပွဲတွင် မြန်မာနိုင်ငံသား မည်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်သည်။ ပြိုင်ပွဲဝင်ဓာတ်ပုံသည် မြန်မာနိုင်ငံအတွင်း ရိုက်ကူးထားသော ရောင်စုံဓာတ်ပုံဖြစ်ရမည်။ 

ပြိုင်ပွဲဝင် ဓာတ်ပုံအရွယ်အစားမှာ ၁၀ လက်မ × ၁၄ လက်မ အရွယ်အစား တစ်မျိုးတည်းသာ ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ပုံအရေအတွက် အကန့်အသတ်မရှိ ပါဝင်ယှဉ်ပြိုင်နိုင်ပါသည်။

မည့်သည့်ကင်မရာ အမျိုးအစားမဆို အသုံးပြုနိုင်ပါသည်။ 


ဒီဂျစ်တယ်နည်းပညာဖြင့် ပြုပြင်ဖန်တီးထားသော ဓာတ်ပုံများနှင့် ပြည်တွင်းပြည်ပ ဓာတ်ပုံပြိုင်ပွဲများတွင် ဆုရရှိခဲ့ဖူးသည့် ဓာတ်ပုံများအား ယှဉ်ပြိုင်ခြင်း မပြုရပါ။ 

ပြိုင်ပွဲဝင်ဓာတ်ပုံများသည် ပုံနှိပ်ထုတ်ဝေပြီးသော ဓာတ်ပုံများ၊ Website များတွင် အသုံးပြုပြီးသော ဓာတ်ပုံများ မဖြစ်ရပါ။ ပြိုင်ပွဲဝင်ဓာတ်ပုံများကို ပေးပို့ရာတွင် ဓာတ်ပုံအရွယ်အစား၊ ၁၀ လက်မ × ၁၄ လက်မ ဓာတ်ပုံ Hard Copy နှင့် Soft Copy(CD)တို့ကို ပူးတွဲပေးပို့ရမည်။ 

ပြိုင်ပွဲဝင်ဓာတ်ပုံတွင် အမည်၊ မှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာ၊ ဓာတ်ပုံ၏အကြောင်းအရာ၊ ရိုက်ကူးသည့် နေရာဒေသ၊ ကိုယ်တိုင်ရိုက်ကူးထားကြောင်း ဝန်ခံချက်တို့ကို ဓာတ်ပုံတိုင်း၏ နောက်ကျော၌ သီးခြားစက္ကူဖြင့်ကပ်၍ တစ်ပါတည်း ပူးတွဲတင်ပြပါရှိရမည်။ 

ပြိုင်ပွဲဝင်ဓာတ်ပုံများအား ပြိုင်ပွဲကျင်းပသည့်ဌာနအနေဖြင့် အများပြည်သူအကျိုးငှာ ပြပွဲများ၊ စာအုပ်စာစောင်များ၊ Website များ၊ လက်ကမ်းစာစောင်များ၊ သင်ခန်းစာ ပို့ချမှုများနှင့် ဗီဒီယိုမှတ်တမ်းများ၌ အသုံးပြုခြင်းကို ပြိုင်ပွဲဝင်သူမှ သဘောတူခွင့်ပြုရပါမည်။ 

ပြိုင်ပွဲတွင် ဆုရရှိသူများအား ပထမဆု သုံးသိန်းကျပ်၊ ဒုတိယဆု နှစ်သိန်းငါးသောင်းကျပ်၊ တတိယဆု နှစ်သိန်းကျပ်နှင့် အထူးဆု တစ်သိန်းကျပ်စီ စုစုပေါင်း ဆု (၈) ဆု ချီးမြှင့်သွားမည်ဖြစ်သည်။

ပြိုင်ပွဲဝင်ဓာတ်ပုံများကို ၂၀၁၉ ခုနှစ်၊ မေလ (၂)ရက်နေ့၊ ညနေ (၄)နာရီ နောက်ဆုံးထား၍ ညွှန်ကြားရေးမှူး(ထုတ်လုပ်)၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အမှတ်(၂၂၈)၊ သိမ်ဖြူလမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့သို့ ပေးပို့ရမည်ဖြစ်ကြောင်းနှင့် ၎င်းနေ့ထက်ကျော်လွန်၍ ပေးပို့ လာသောဓာတ်ပုံများအား ပြိုင်ပွဲဝင်ဓာတ်ပုံအဖြစ် လက်ခံမည်မဟုတ်ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)