နေပြည်တော် ၃ ဧပြီ
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် သြစတြေးလျနိုင်ငံသံရုံးမှ သံအမတ်ကြီး H.E. Ms. Andrea Faulkner အား ယနေ့ ညနေ ၃ နာရီခွဲတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံဆွေးနွေးသည်။
ထိုသို့တွေ့ဆုံစဉ် သတ္တုတွင်းလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်ပရင်းနှီး မြှုပ်နှံမှုတိုးတက်ရရှိရေး၊ ပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်စေရေးနှင့် ဒေသခံများ၏ လူနေမှုဘဝ မြှင့်တင်ရေး ဆောင်ရွက်နိုင်သည့် အစီအမံများ၊ သတ္တုတူးဖော်မည့် မြေအမျိုးအစားအလိုက် မြေယာစီမံအုပ်ချုပ်သည့် အဖွဲ့အစည်းများနှင့် လုပ်ငန်းစဉ်များ၊ သတ္တုကဏ္ဍအပါအဝင် ကဏ္ဍအလိုက် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း လုပ်ထုံးလုပ်နည်းများ ရေးဆွဲဆောင်ရွက်မှုနှင့် လိုက်နာဆောင်ရွက်လျက်ရှိသည့် ဥပဒေ၊ နည်းဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများ၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ နိုင်ငံအဆင့်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ ထုတ်လွှတ်မှုလျှော့ချရေးအတွက် စွမ်းအင်၊ စက်မှုနှင့် ပို့ဆောင်ရေးကဏ္ဍများနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ အရှေ့ဘက်နယ်စပ်ဒေသတစ်လျှောက် မီးခိုးမြူငွေ့ညစ်ညမ်းမှု မြင့်မားနေခြင်း အကြောင်းရင်းနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများ၊ ရွှေ့ပြောင်းတောင်ယာစနစ် ပြုပြင်ပြောင်းလဲရေးနှင့် သီးနှံသစ်တောရောနှော စိုက်ပျိုးခြင်းအလေ့အထများ ကျင့်သုံးရေးဆောင်ရွက်မည့်လုပ်ငန်းများ၊ နှစ်နိုင်ငံအကြား ပတ်ဝန်းကျင်၊ သစ်တောနှင့် သတ္တုကဏ္ဍဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးတို့နှင့် ပတ်သက်၍ အမြင်ခြင်းဖလှယ် ဆွေးနွေးကြကြောင်း သိရသည်။
(သတင်းစဉ်)


