စစ်ကိုင်း ၃ ဧပြီ

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဧပြီ ၂ ရက် ညပိုင်းအချိန်က လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၁၀ဝ ကျော် အမိုးလန် ပျက်စီးခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ သိရသည်။

 

ျ

 

အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ကလေးဝမြို့နယ်၊ ဖောင်ပြင်မြို့နယ်၊ ဗန်းမောက်မြို့နယ်တို့တွင် လူနေအိမ် ၁၂ လုံးစီ အမိုးလန်ပျက်စီးခဲ့ကြောင်း၊ ကန့်ဘလူမြို့နယ်တွင် လူနေအိမ် ၄၀ ကျော်၊ ကျွန်းလှမြို့နယ်တွင် လူနေအိမ် ၅၀ ကျော်  အမိုးလန်ပျက်စီးခဲ့ကြောင်း၊ ကျန်မြို့နယ်များတွင်မှု ထိခိုက်ပျက်စီးမှု ရှိ၊ မရှိ လိုက်လံစစ်ဆေး စာရင်းကောက်ယူလျက်ရှိကြောင်း သိရသည်။

 

''လူထိခိုက်မှုတော့ မရှိခဲ့ပါဘူး။ ပျက်စီးသွားတဲ့ အိမ်ခြေတွေအတွက် ထောက်ပံပေးဖို့ ဆောင်ရွက်နေပါပြီ။ စစ်ကိုင်းတိုင်းမှာ ဒီနှစ် ဖေဖော်ဝါရီလကစပြီး ခုချိန်ထိဆို အိမ်ခြေ ၄၀ဝ လောက်ရှိပြီ လေပြင်းကြောင့် ပျက်စီးခဲ့တာ"ဟု စစ်ကိုင်းတိုင်းဒေသကြီး သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစဝီလီဖရန့်က ပြောသည်။

 

စစ်ကိုင်းတိုင်းဒေသကြီးတွင် ယခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်မှ စတင်၍ ယနေ့အချိန်ထိ လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် အိမ်ခြေ ၄၀ဝ ခန့် ထိခိုက်ပျက်စီးခဲ့ကြောင်းနှင့် ပျက်စီးသွားသည့် အိမ်ခြေများကို ထောက်ပံငွေကြေးငွေအနေဖြင့် ယခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်မှ မတ် ၂၀ ရက်အထိ ကယ်ဆယ်ရေးပစ္စည်းအပါအဝင် ငွေကျပ် ၁၄၅ သိန်း ထောက်ပံပေးခဲ့ကြောင်းနှင့် ပျက်စီးခဲ့သည့် လူနေအိမ်များအတွက် ကျပ်သိန်း ၁၀ဝ ကျော်ခန့်ကို ထပ်မံထောက်ပံပေးခဲ့ကြောင်း သိရသည်။   

 

ကိုမင်း(အင်းတော်)

 

နန