ရန်ကုန် ၃ ဧပြီ

 

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ထာဝရငြိမ်းချမ်းရေး ဓမ္မသဘင် တတိယနေ့ကို ယနေ့ည ၇ နာရီခွဲတွင် ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်မြတ်ကြီး ထီးတော်ရိပ်အောက်ရှိ ပြည်သူ့ရင်ပြင်၌ စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပသည်။

 

2222

 

ငြိမ်းချမ်းရေးဓမ္မသဘင် တတိယနေ့တွင် တောင်စွန်းဆရာတော် ဓမ္မဘေရီအရှင်ဝီရိယက ငြိမ်းချမ်းရေး တရားဒေသနာတော်များ ဟောကြားရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့်ဇနီး၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဒုတိယ ဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်နှင့်ဇနီး၊ တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဟံထွန်းနှင့်ဇနီး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးအသင်းအဖွဲ့များနှင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ တရားချစ်ခင်သူတော်စင်များ တက်ရောက်၍  ငြိမ်းချမ်းရေးတရားတော်ကို နာယူကြည်ညိုကြသည်။

 

ငြိမ်းချမ်းရေးဓမ္မသဘင်ကို ဧပြီ ၁ ရက်မှ ၅ ရက်အထိ ကျင်းပလျက်ရှိရာ ဧပြီ ၄ ရက်တွင် ရွှေပါရမီတောရ ဆရာတော် အရှင်ဆန္ဒာဓိက၊ ဧပြီ ၅ ရက်တွင် အောက်စဖို့ဒ်ဆရာတော် ဒေါက်တာ အရှင်ဓမ္မသာမိ စသည့်ဆရာတော်ကြီးများက တရားတော်များ ဟောကြားသွားမည် ဖြစ်ကြောင်း သိရသည်။

 

နေပြည်တော်ရှိ ထာဝရငြိမ်းချမ်းရေးစေတီတော်တွင် ကိန်းဝပ်စံပယ်တော်မူမည့် ဉာဏ်တော် အမြင့် ၆ ပေရှိ စကျင်ဗုဒ္ဓရုပ်ပွားတော် နှစ်ဆူနှင့် ဉာဏ်တော်အမြင့် ၃ ပေရှိ စကျင်ဗုဒ္ဓရုပ်ပွားတော် တစ်ဆူတို့အား ရဟန်းရှင်လူပြည်သူအများ ကုသိုလ်ယူ ပူဇော်နိုင်ရန်အတွက် ရွှေတိဂုံစေတီတော်မြတ်ကြီး၏ မေတ္တာရိပ်အောက်တွင် ဧပြီ ၁ ရက်မှ ၁၈ ရက်အထိ ရင်ငွေ့တော်လှုံ အပူဇော်ခံလျက်ရှိရာ ယနေ့တွင် ရဟန်းရှင်လူပြည်သူအများ လာရောက်ဖူးမြော်ကြည်ညိုလျက် စေတီတော် တည်ထားကိုးကွယ်ရေးအတွက် အလှူတော်ငွေများထည့်ဝင် လှူဒါန်းကြပြီး ဝတ်အသင်းအဖွဲ့များကလည်း ဝတ်ရွတ်ပူဇော် ကုသိုလ်ယူလျက်ရှိသည်။

 

ပြည်ထောင်စုကြီး ထာဝရငြိမ်းချမ်းရေးရရှိရန် ရည်သန်လျက် ထာဝရငြိမ်းချမ်းရေးစေတီတော်ကို ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ကံ့ကော်ပန်းအဝိုင်းအနီးတွင် မြန်မာနိုင်ငံသူ၊ နိုင်ငံသားတို့၏ စုပေါင်းအားဖြင့် တည်ထားကိုးကွယ်လျက်ရှိသည်။

 

(သတင်းစဉ်)