ရန်ကုန် ၃ ဧပြီ 

မြန်မာစာရေးဆရာ ကလပ်နှင့် ရွိင်ရယ်မြန်မာတီးမစ်တို့ ပူးပေါင်းစီစဉ်ကာ စာရေးဆရာ၊ အဆိုတော်နှင့် သရုပ်ဆောင်များ ပါဝင်ကျင်းပမည့် ပြည်သူနီတိစကားဝိုင်း စာနယ်ဇင်း အသိပေးမိတ်ဆက်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်၊ ၃၉ လမ်းရှိ မြန်မာစာရေးဆရာကလပ်ရုံးခန်းတွင် ကျင်းပခဲ့သည်။ 

 

1111

 

အခမ်းအနားတွင် ပြည်သူ့နီတိစကားဝိုင်းကျင်းပရသည့် ရည်ရွယ်ချက်များနှင့် ပတ်သက်၍ မြန်မာစာရေးဆရာကလပ်မှ ဆရာကောင်းသန့်၊ ဆရာမင်းခိုက်စိုးစန်၊ ဆရာမင်းချမ်းမွန်၊ ဆရာဒေါက်ထွေးဆေးမန်းတို့က ရှင်းလင်းပြောကြားခဲ့သည်။ 

ပြည်သူ့နီတိနဲ့ပတ်သက်၍ ဆရာကောင်းသန့်က "ပြည်သူ့နီတိကို လူတိုင်းကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာကျင့်သုံးနိုင်ဖို့အတွက် အခုလို့စကားဝိုင်းကျင်းပဖို့ စီးစဉ်တာဖြစ်ပါတယ်။ မြန်မာစာရေးဆရာကလပ်အနေနဲ့ ပြည်သူ့နီတိ ပြန့်ပွားဖို့ တောက်လျောက်လုပ်လာခဲ့ပါတယ်။ နိုင်ငံသား တော်တော်များများ ပြည်သူ့နီတိအသိ ရှိလာကြပေမယ့် ပြည်သူ့နီတိဆိုတာ အမှိုက်ကို စည်းကမ်းမဲ့ မပစ်တာ၊ တန်းစီစနစ်ကိုကျင့်သုံးတာ ဆိုတဲ့အဆင့်လောက်ပဲ သိကြပါသေးတယ်။ တကယ်တမ်းပြောရရင် ပြည်သူ့နီတိက ဒီထက်လေးနက်ပါတယ်။ မဲပေးတာ၊ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းတာ၊ တာဝန်သိတာ၊ အများဦးစားပေးစနစ်ကျင့်သုံးတာ စတာတွေအထိပါပါတယ်" ဟု ပြောသည်။ 

ဆရာမင်းခိုက်စိုးစန်ကလည်း "ပြည်သူနီတိ စကားဝိုင်းကို ဘာလို့ကျင်းပ တာရတာလဲဆို ကျောင်းတွေမှာ ပြည်သူ့နီတိ ဟောပြောနေရုံနဲ့မလုံလောက်သေးပါဘူး။ ဒါကြောင့် နယ်ပယ်အသီးသီးက လူတွေသိအောင် ပြည်သူ့နီတိစကားဝိုင်းတွေကို ကျင်းပရတာဖြစ်ပါတယ်။ နောင်မှာလည်း ဖြစ်နိုင်ရင် နှစ်လတစ်ကြိမ်လောက်ကျင်းပဖို့ ရည်ရွယ်ထားပါတယ်။ နောက်ပြီးတော့ တက္ကသိုလ်အဆင့်၊ တိုင်းနဲ့ပြည်နယ်အဆင့် ပြည်သူ့နီတိစကားရည်လုပွဲတွေ၊ စာမေးပွဲတွေကျင်းပပေးဖို့လည်း ရည်ရွယ်ချက်ရှိပါတယ်။ ပြည်သူ့နီတိဆိုတာ နိုင်ငံသားကောင်းဖြစ်ဖို့ အတွက်ပါပဲ။ နိုင်ငံသားတိုင်း ရသင့်တာဘာရှိလဲဆိုတာ သိရမယ်။ နိုင်ငံသားတိုင်းက ဘာတွေပြန်ပေးရမယ်ဆိုတာလဲ သိရမယ်" ဟုဆိုသည်။ 

ပြည်သူ့နီတိစကားဝိုင်းကို ဧပြီလ ၇ ရက်နေ့ ၁ နာရီတွင် ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌ ကျင်းပသွားမည်ဖြစ်ပြီး ဆရာမင်းခိုက်စိုးစန်က ဦးဆောင်၍ ဆရာမောင်သာချို၊ ဆရာမ သန်းမြင့်အောင်၊ ဆရာထင်လင်းဦး၊ သရုပ်ဆောင်နေမင်း၊ အဆိုတော်ဇော်ဝင်းထွဋ်၊ သရုပ်ဆောင်ချစ်သုဝေတို့က ဆွေးနွေးပေးသွားဖြစ်ကြောင်း စာနယ်ဇင်း အသိပေးပွဲမှ သိရသည်။ 

ဆရာမင်းချမ်းမွန်က "ပြည်သူ့နီတိကို လူတွေပိုသိလာအောင် ရုပ်ရှင်လောကသားများ စာပေလောကသားများနဲ့ စကားဝိုင်းကျင်းပပေးတာ ဖြစ်ပါတယ်။ ပညာရှင်တွေပါတဲ့အတွက် လှပတဲ့ ပွဲဖြစ်မှာသေချာပါတယ်။ 

ပြည်သူ့နီတိအသိကို လူတိုင်းဆီ ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိလာအောင် မီဒီယာတွေကို အကူအညီတောင်းပါတယ်" ဟုပြောသည်။ 

မြန်မာစာရေးဆရာကလပ်သည် ပြည်သူ့နီတိစကားဝိုင်းများကို ရုပ်သံများ FM များမှတစ်ဆင့် ပြုလုပ်ပေးခဲ့ပြီးဖြစ်ကာ ပြည်သူ့နီတိစကားဝိုင်းနှင့် ပတ်သက်၍ သိရှိလိုသည်များကို မီဒီယာများအနေဖြင့် ဆက်သွယ်မေးမြန်း အကြံပြုနိုင်ကြောင်း ဖိတ်ခေါ်ခဲ့သည်။ 

ညွန့်ကိုကို