ဆီဆိုင် ၄ ဧပြီ

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း)တွင် လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် လုပ်ငန်းအကောင်အထည်ဖော်ရာတွင် အခက်အခဲနှင့် အောင်မြင်မှု အခြေအနေများလေ့လာရန် ကမ္ဘာ့ဘဏ်မှ တာဝန်ရှိသူများသည် ဧပြီ ၂ ရက် နံနက်ပိုင်းက ဆီဆိုင်မြို့နယ်သို့ ကွင်းဆင်းလေ့လာခဲ့ကြောင်း သိရသည်။

 

5

 

ကမ္ဘာ့ဘဏ်မှ Mr. Ingo Wiederhofer, Lead Social Development Specialist (co-TTL) ဦးဆောင်သည့် (Implementation Support Mission-18)အဖွဲ့နှင့်အတူ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်)မှ တာဝန်ရှိသူများ၊ ရှမ်းပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ Mercycorps မှ တာဝန်ရှိသူများနှင့် ဆီဆိုင်မြို့နယ် လူထုဗဟိုပြုစီမံကိန်းမှ တာဝန်ရှိသူများ လိုက်ပါလျက် မြို့နယ်စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေးကော်မတီ (TPIC)နှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ဆီဆိုင်မြို့နယ် လူထုဗဟိုပြုစီမံကိန်းရုံး၌ စီမံကိန်းဝန်ထမ်းများနှင့် တွေ့ဆုံ၍ စီမံကိန်းအကောင်အထည်ဖော် ကာလအတွင်း တွေ့ကြုံခဲ့ရသည့် အခက်အခဲများနှင့် စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ထားမှု အခြေအနေများကို မေးမြန်းအကြံပြု ဆွေးနွေးခဲ့သည်။

 

7

 

ထို့နောက် အဆိုပါအဖွဲ့သည် တဘက်ကျေးရွာအုပ်စု၊ နမ့်စေမြဲကျေးရွာ၊ ပင်စုံကျေးရွာအုပ်စု၊ ထီလျော့ကျေးရွာနှင့် ပါလောပါကယ်ကျေးရွာအုပ်စု၊ ညောင်ပင်သာကျေးရွာတို့ရှိ လူထုဗဟိုပြုစီမံကိန်းဖြင့် ဆောင်ရွက်ခဲ့သော လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုကြပြီး ကော်မတီဝင်များ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ စီမံကိန်းလုပ်ငန်းများ ရွေးချယ်ဆောင်ရွက်မှု စီမံကိန်းလုပ်ငန်းနှင့် ပတ်သက်ပြီး ကျေးရွာလူထုများအပေါ် အကျိုးသက်ရောက်မှု၊ ကျေးရွာမှ စီမံကိန်းလုပ်ငန်း လုပ်ဆောင်ရာတွင် တွေ့ကြုံခဲ့ရသည့် အခက်အခဲများအား မေးမြန်းခဲ့ရာ ကျေးရွာကော်မတီဝင်များနှင့် ကျေးလက်ပြည်သူများက ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

ခွန်ရဲထွေး(ဆီဆိုင်)