ခင်ဦး ၄  ဧပြီ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ ဧရာဝတီမြစ်လယ်ရှိ သမိုင်းဝင်အညာသီဟတော ဘုရားရင်ပြင်တော်တွင် မြစ်ရေတိုက်စားမှုကြောင့် နိမ့်ကျအက်ကွဲနေမှုများရှိရာ ဘုရားရင်ပြင်တော် မြေသားနှင့် ကျောက်သားကြံ့ခိုင်ရန် ဆောင်ရွက်မှုလုပ်ငန်းကို ငွေကျပ်သိန်း ၁၀ဝ၀ ကျော် အကုန်ကျခံ၍ မေလ ၁ ရက်နေ့တွင် စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

1

 

သမိုင်းဝင်အညာသီဟတောဘုရားရင်ပြင်တော် မြေသားနှင့် ကျောက်သားကြံ့ခိုင်ရေးအတွက် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလက တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေကျပ် ၁၃၃ ဒသမ ၆၆၅ သိန်းအကုန်ကျခံ၍ ဘူမိဗေဒပညာရှင် အဖွဲ့ဖြင့် အသေးစိတ်စမ်းသပ်ဆောင်ရွက်ခဲ့ရာ အပိုင်း(၃) ပိုင်းခွဲပြီး ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

 

2

 

အပိုင်း (၁) အနောက်တောင်ထောင့်ရှိ ရင်ပြင်တော်ဆောင်ရွက်မှုလုပ်ငန်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံ ငွေကျပ် ၂၄၄ ဒသမ ၆၇၂၆၆ သိန်း၊ အညာသီဟတောဘုရားရန်ပုံငွေ ကျပ် ၄၉၆ ဒသမ ၅ သိန်းဖြင့် Myanmar Geo Specialist Co.,Ltd. မှ တာဝန်ယူ ဆောင်ရွက်မည်ဖြစ်ရာ စုစုပေါင်းခန့်မှန်းကုန်ကျငွေမှာ ကျပ်သိန်း(၁၀ဝ၀) ကျော်ကုန်ကျမည်ဖြစ်ကြောင်း မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဦးသိန်းဇော် ၏ပြောကြားချက်အရသိရသည်။

 

3

 

ဘုရားရင်ပြင်တော်ပြင်ဆင်ရာတွင် လိုအပ်နေသောအလှူငွေများရရှိရန်အတွက် ဧပြီ ၃ ရက် နံနက် ၁၁ နာရီ က ဘုရားရင်ပြင်တော်ပေါ်တွင် သီဟရာဇာကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပညိန္ဒ၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဌ ဦးသိန်းဇော်၊ အညာသီဟတောဘုရားဂေါပကအဖွဲ့ဥက္ကဌ ဦးတင်မောင်ရွှေနှင့် အဖွဲ့ဝင်များ၊ မြို့နယ်သာသနာရေး ဦးစီးမှူး ဦးကျော်ဇေယျ တို့က ညှိနှိုင်းဆွေးနွေးခဲ့သည်။ 

 

4

 

အလှူရှင်များအနေဖြင့် ဘုရားရင်ပြင်တော်ပြုပြင်ရာတွင် အလှူငွေများ လှူဒါန်းလိုပါက မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဦးသိန်းဇော် (ဝ၉-၄၃၀၉၀၂၈၄)နှင့် အညာသီဟတောဘုရား ဂေါပကအဖွဲ့ ဥက္ကဌ ဦးတင်မောင်ရွှေ ဝ၉-၂၅၉၄၃၀၂၉၇ တို့သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်းသိရသည်။

 

စိုးဝေအောင်(ခင်ဦး)