ရေနံချောင်း ၄ ဧပြီ
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးဝန်ကြီးဌာန အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန ရေနံချောင်းမြို့နယ်ရုံးမှ ချိုင်းကျေးရွာအုပ်စု ချိုင်းကျေးရွာရှိ ဒေသခံပြည်သူများအား အေဝမ်းမီးဖိုများကို ဧပြီ ၃ ရက်က အခမဲ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တောအုပ်ကြီး ဦးဝင်းတင့်ထွန်းက မီးဖိုပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍ ထင်းအစား အခြားလောင်စာ တိုးမြှင့်သုံးစွဲရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အကြောင်းကို အကျယ်တဝင့် ရှင်းလင်းပြောကြားပြီး တက်ရောက်လာသူများအား အေဝမ်းမီးဖို ၁၀ လုံးကို မဲနှိုက်ပေးခဲ့သည်။
``ရွာတွေမှာဆိုရင် ထင်းအများကြီးသုံးရတယ်။ ရိုးရိုးမီးဖိုသုံးရင် ထင်းများများကုန်မယ်။ ဒီမီးဖိုသုံးရင် ထင်းသုံးစွဲမှု ၄၀ ရာခိုင်နှုန်း သက်သာတဲ့အတွက် အပင်ခုတ်တာလည်း နည်းသွားမယ်။ ပတ်ဝန်းကျင် မှာရှိတဲ့ သစ်တောသစ်ပင်တွေကို ထိန်းသိမ်းခြင်းအားဖြင့် ရာသီဥတုတွေ မှန်လာမယ်။ စိုက်ပျိုးသီးနှံတွေ ကောင်းမွန်လာမယ်။ အဓိကကတော့ ထင်းသုံးစွဲမှုလျှော့ချနိုင်ဖို့နဲ့ သစ်တောသစ်ပင်ခုတ်မှု သက်သာစေဖို့ အေဝမ်းမီးဖိုတွေ ပေးအပ်ရခြင်းဖြစ်ပါတယ်´´ဟု တောအုပ်ကြီးက ပြောသည်။
အဆိုပါအေဝမ်းမီးဖိုများအား ကျေးရွာတစ်ရွာလျှင် ၁၀ လုံးနှုန်းဖြင့် ကျေးရွာသုံးရွာအား လစဉ်ပေးအပ်လျက်ရှိပြီး ၂၀၁၉ ခုနှစ်အတွင်း ရေနံချောင်းမြို့နယ်ရှိ ကျေးရွာများအား အေဝမ်းမီးဖို ၃၆၀ လုံး ပေးအပ်သွားမည်ဖြစ်ကြောင်း တောအုပ်ဦကျော်ဌေးထံမှ သိရသည်။
ကိုစိုးကြီး


