ကန့်ဘလူ ၄  ဧပြီ

 

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဌာန ချပ်သင်းတောရိုင် တိရစ္ဆာန်ဘေးမဲ့တောရှိ အင်တိုင်းတော ဂေဟစနစ်အတွင်း ကျရောက်ရှင်သန် ကျက်စားလျက်ရှိသော ဌာနေမျိုးစိတ်များ၊ ဆောင်းခိုငှက်များ၊ ရာသီအလိုက် ပြောင်းရွှေ့ ကျက်စားတတ်သော ငှက်မျိုးစိတ်များ၏ ပေါများလာမှု၊ ရှားပါး လာမှုများကို လအလိုက်၊ နှစ်အလိုက် သိရှိနှိုင်းယှဉ် သုံးသပ်နိုင်ရန်အတွက် ငှက်စာရင်း ကောက်ယူခြင်း လုပ်ငန်းအား ဘဏ္ဍာနှစ်အလိုက် စီမံချက် ရေးဆွဲဆောင်ရွက်လျက်ရှိရာ ချပ်သင်းတောရိုင်းတိရစ္ဆာန် ဘေးမဲ့တော ဝန်ထမ်းများက ယခုနှစ် မတ်လအတွင်း ငှက်စာရင်း ကောက်ယူခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

1

 

ဘေးမဲ့တောအတွင်း ကွင်းဆင်းငှက်စာရင်း ကောက်ယူရာတွင် လုပ်ငန်းဆောင်ရွက်သည့် ဧရိယာနှင့် ဆောင်ရွက်သည့် နည်းစနစ်သည် အင်တိုင်းတောနိမ့်၊ ဘေးမဲ့တောဆက်စပ် ဧရိယာရှိ သီးနှံစိုက်ခင်း၊ ရွက်ပြတ်ရောနှောတော၊ ရေလွှမ်းအင်တိုင်း၊ အင်တိုင်းတောမြင့်၊ ကျေးအင်းရေတိမ်ဒေသ၊ လိုင်း-၅ တောင်၊ လိုင်း-၅ မြောက် စသည့် တောအမျိုးအစား အလိုက် ဧရိယာခွဲခြား သတ်မှတ်၍ ဘေးမဲ့တော ဝန်ထမ်းများက ကွင်းဆင်းကောက်ယူခဲ့ခြင်း ဖြစ်သည်။

 

1

 

တောအမျိုးအစား တစ်ခုစီတွင် မီတာ ၂၀ဝ ခြားအမှတ်အသား ၁၀ ခုသတ်မှတ်၍ အမှတ်တစ်ခုစီ၌ ၁၀ မိနစ်ကြာ ငှက်စောင့်ကြည့်လေ့လာခြင်း၊ ကျေးအင်းရေတိမ်ဒေသတွင် အမှတ် ၅ ခုမှတ်၍ အမှတ်တစ်ခုစီတွင် ၃၀ မိနစ်ကြာ ငှက်စောင့်ကြည့် လေ့လာခြင်းများ ပြုလုပ်ပြီး ငှက်စာရင်းကောက်ယူခြင်း၊ စံနမူနာလိုင်း ၅ တစ်လျှောက်တွင် ငှက်စာရင်း ကောက်ယူခြင်းတို့ကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ကွင်းဆင်းခရီးစဉ်တွင် ချပ်သင်းရှေ့တန်းစခန်းမှ စမ်းမြောင်စခန်း၊ ကင်းစမ်းစခန်း၊   တံခွန်တိုင် စခန်းများသို့ မော်တော်ဆိုင်ကယ်တို့ဖြင့် သွားလာပြီး ကွင်းဆင်းစာရင်း ကောက်ယူခြင်းကို ခြေလျင်၊ ကျေးအင်းရေတိမ်ဒေသ အတွင်းတွင် ကွင်းဆင်းလေ့လာခြင်းကို စက်လှေအသုံးပြုပြီး ကုန်းမြေပေါ်သည့်နေရာ၌ ခြေလျင်လျှောက် ဆောင်ရွက်ခဲ့ကြောင်း ငှက်စာရင်း ကောက်ယူရေး အဖွဲ့မှ တောခေါင်း ဦးလှဝင်းကျော်က ပြောသည်။

 

ချပ်သင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအတွင်း ငှက်စာရင်း ကောက်ယူခြင်း ဆောင်ရွက်ခဲ့ရာ သစ်တောငှက်(Forest Birds) နဖားကြူး၊ ကြကတော၊ ပိန်ညှင်းရင်ဖြူ၊ ဖိုးခေါင်၊ ငှက်ဆနွင်းဝါ၊ ကျေးတမာ စသည့်ငှက် ၇၄ မျိုး၊ ရေငှက် (Water Birds) ခရုစုတ်၊ သောင်းတင်၊ ကျွဲကျောင်းဗျိုင်း၊ ရေညှောင့် စသည့်ငှက် ၁၄ မျိုး စုစုပေါင်း ၈၈ မျိုး တွေ့ရှိခဲ့ကြောင်း သိရသည်။

 

မျိုးစိတ် ၈၈ မျိုးတွင် ကောင်ရေ ၁၁၉၈ ကောင် တွေ့ရခြင်းကြောင့် ချပ်သင်းတောရိုင်း တိရစ္ဆာန် ဘေးမဲ့တောတွင် ငှက်မျိုးစိတ် အသင့်အတင့်နေထိုင်ကျက်စားခြင်း၊ အင်းအတွင်း စက်လှေ၊ လှောင်းလှေများဖြင့် ဝင်ရောက်ငါးဖမ်းသူ အသင့်အတင့်ရှိခြင်း၊ လူဝင်လူထွက် များပြားခြင်း၊ မုရင်းစပါးစိုက်ပျိုးခြင်း၊ ရေစက်များဖြင့် ရေတင်ခြင်းတို့ကြောင့် ရေငှက်များ ကျရောက်မှု နည်းပါးရခြင်းဖြစ်ကြောင်း သိရသည်။

 

ထို့ပြင် ဘေးမဲ့တောအတွင်း အိမ်သုံးထင်းလှည်းအချို့၊ သမင်ကြီးများနှင့် သမင်ငယ်အချို့၊ ငါးဖမ်းပိုက်ဖြုတ်သူအချို့၊ ခုတ်လှဲထားသော သစ်ပင်အချို့၊ လင်းပက်ထိုးငါးဖမ်းသူအချို့နှင့် ကျွဲ၊ နွားများ လွှတ်ကြောင်းနေမှုအချို့ တွေ့ရှိရပြီး မှန်နီသီး၊ မှန်ညိုသီး၊ ချဉ်ဗျစ်သီး၊ တယ်သီး၊ လွန်ဘိုသီး၊ သစ်စေးသီး၊ ဒီဒူးသီး၊ ယင်းမာသီး၊ လျှော်အသီး၊ သစ်လင်းတသီး၊ ထိန်သီး၊ ဥသျှစ်သီး၊ ဝံအူသီး၊ အင်ကြင်းပွင့်၊ နဘဲသီး၊ ပေါက်သီး၊ ခပေါင်းသီး စသည့်အသီးအပွင့်များ သီးပွင့်နေသည်ကိုလည်း တွေ့ရှိခဲ့ရကြောင်းနှင့် သစ်တောငှက်(Forest Birds) မျိုးစိတ်များ တွေ့ရှိရသော်လည်း မှန်ဘီလူးများ ဝေဝါး၍ပြတ်သားမှု မရှိခြင်းကြောင့် မျိုးစိတ်ခွဲခြားရာတွင် အခက်အခဲများ ကြုံတွေ့ခဲ့ရကြောင်း ဘေးမဲ့တော အုပ်ချုပ်ရေးမှူး ဦးမင်းဆွေက ပြောသည်။

 

ငှက်စာရင်း ကောက်ယူခြင်းကြောင့် သုတေသန လုပ်ငန်းများနှင့် ပညာပေးလုပ်ငန်းများတွင် အထောက်အကူပြုခြင်း၊ လူတို့၏ ပယောကြောင့် ငှက်အပါအဝင် ဇီဝမျိုးစုံမျိုးကွဲများနှင့် မှီခိုတောများ ပျက်စီးပြုန်းတီးမှု အခြေအနေများ မှတ်တမ်းတင်နိုင်ခြင်း၊ ကာကွယ်ထိန်းသိမ်းမှု လုပ်ငန်း စီမံချက်ရေးဆွဲရာတွင် အထောက်အကူပြုခြင်း၊ ဝန်ထမ်းများ၏ အတွေ့အကြုံနှင့် စွမ်းဆောင်ရည် မြင့်မားတိုးတက်ခြင်း စသည့် အကျိုးရလဒ်များ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

ချပ်သင်းတောရိုင်း တိရစ္ဆာန်ဘေးမဲ့တောအတွင်း ငှက်စာရင်း ကောက်ယူခြင်းကို ယမန်နှစ်ကာလ တူနှိုင်းယှဉ်ပါက ၂၀၁၈ ခုနှစ် မတ်လတွင် ငှက်အမျိုးအစား ၇၇ မျိုး၊ ငှက်ကောင်ရေ ၈၂၀ ကောင်၊ ၂၀၁၉ ခုနှစ်မတ်လတွင် ငှက်အမျိုးအစား ၈၈ မျိုး၊ ငှက်အကောင်ရေ ၁၁၉၈ ကောင်ရှိပြီး ငှက်အမျိုးအစားနှင့် ငှက်အကောင်ရေ အနည်းငယ် တိုးလာခဲ့ကြောင်း ငှက်စာရင်း ကောက်ယူခြင်း မှတ်တမ်းများအရ သိရသည်။

 

အဆိုပါ ငှက်စာရင်းကောက်ယူခြင်း ကာလတူနှိုင်းယှဉ်ချက်အရ ယခုနှစ်မတ်လတွင် ငှက်မျိုးစိတ် ၁၁ မျိုး တိုးတက်လာသည်ကို တွေ့ရပြီး ငှက်အကောင်ရေ ၃၇၈ ကောင် တိုးလာသည်ကို တွေ့ရသည်။ ၂၀၁၅ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ မတ်လများတွင် ငှက်မျိုးစိတ်နှင့် ငှက်ကောင်ရေ စာရင်းအရ ၂၀၁၅ ခုနှစ်တွင် ငှက်မျိုးစိတ် ၆၈ မျိုး၊ ငှက်ကောင်ရေ ၅၉၇ ကောင်၊ ၂၀၁၆ ခုနှစ်တွင် ငှက်မျိုးစိတ် ၆၇ မျိုး၊ ငှက်ကောင်ရေ ၆၉၂ ကောင်၊ ၂၀၁၇ ခုနှစ်တွင် ငှက်မျိုးစိတ် ၆၉ မျိုး၊ ငှက်ကောင်ရေ ၆၁၅ ကောင်၊ ၂၀၁၈ ခုနှစ်တွင် ငှက်မျိုးစိတ် ၇၇ မျိုး၊ ငှက်ကောင်ရေ ၈၂၀ ကောင်၊ ၂၀၁၉ ခုနှစ်တွင် ငှက်မျိုးစိတ် ၈၈ မျိုး၊ ငှက်ကောင်ရေ ၁၁၉၈ ကောင်ရှိကြောင်း ငှက်ကောင်ရေ နှိုင်းယှဉ်ချက် စာရင်းဇယားအရ သိရသည်။

 

ဘေးမဲ့တောထိန်းသိမ်းရေး အုပ်ချုပ်လုပ်ကိုင်မှု စီမံချက်ရေးဆွဲ အကောင်အထည်ဖော်ရာတွင် ဇီဝမျိုးစုံမျိုးကွဲများ နှစ်အလိုက် လေ့လာစမ်းစစ်ချက် မှတ်တမ်းများမှာ များစွာအထောက်အကူပြုပြီး ဘေးမဲ့တောဝန်ထမ်းများ၏ အတွေ့အကြုံနှင့် လုပ်ငန်းစွမ်းဆောင်ရည်များ တိုးတက်မြင့်မား လာစေနိုင်ရန်နှင့် မဟာသိပ္ပံ ကျောင်းသားကျောင်းသူများ သုတေသနကျမ်းများ ပြုစုနိုင်ရန် စသည့်ဖြင့် ဌာန၏ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပိုမိုထိရောက် လာနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

ငှက်စာရင်းကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်ခြင်းကိုဌာန၏ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ရန် လျာထားချက်များထည့်သွင်း ရေးဆွဲပြီး ကျွမ်းကျင်ဝန်ထမ်းများနှင့် မျိုးဆက်သစ်ဝန်ထမ်းများကို တွဲဖက်တာဝန်ပေး ဆောင်ရွက်သွားစေမည်ဖြစ်ကြောင်း သိရသည်။

 

ထိုသို့ ငှက်စာရင်းကောက်ယူခြင်း လုပ်ငန်းများကို ငှက်များ၏ တောအမျိုးအစားအလိုက် ရွေးချယ်ကျက်စားမှု အခြေအနေများအား သိရှိနိုင်ရန်၊ ရာသီအလိုက် ပြောင်းရွှေ့ကျက်စားတတ်သော ငှက်မျိုးစိတ်များစာရင်းကို သိရှိမှတ်တမ်းတင်နိုင်ရန်၊ သုတေသနလုပ်ငန်းများနှင့် ပညာပေးလုပ်ငန်းများတွင် အထောက်အကူပြုစေရန်၊ လူတို့၏ပယောဂကြောင့် ငှက်အပါအဝင် ဇီဝမျိုးစုံမျိုးကွဲများ၏ မှီခိုတောများ ပျက်စီးပြုန်းတီးမှု အခြေအနေများ မှတ်တမ်းတင်နိုင်ပြီး ကာကွယ်ထိန်းသိမ်းမှုလုပ်ငန်း စီမံချက်ရေးဆွဲရာတွင် အထောက်အကူပြုစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဘေးမဲ့တောအုပ်ချုပ်ရေးမှူး ဦးမင်းဆွေကပြောသည်။

 

အောင်ဝင်းငြိမ်း(ကန့်ဘလူ)