ကျွန်းစု ၄ ဧပြီ
တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ်တွင် ချစ်ကြည်ရေးအထိမ်းအမှတ်ဖြင့် တနင်္သာရီ ရေတပ်စခန်း ဌာနချုပ်(ကျွန်းစုမြို့)နှင့် ဗီယက်နမ်နိုင်ငံ ပြည်သူ့ရေတပ်တို့ ချစ်ကြည်ရေး ဘော်လီဘောပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းက ကျွန်းစုမြို့နယ် မိုးလုံလေလုံ အားကစားခန်းမ၌ ယှဉ်ပြိုင်ကစားခဲ့သည်။
ပြိုင်ပွဲတွင် တနင်္သာရီ ရေတပ်စခန်းဌာနချုပ် ဘော်လီဘောအသင်းက ဗီယက်နမ်နိုင်ငံ ပြည်သူ့ရေတပ် ဘော်လီဘောအသင်းအား (25-20) (21-25) (26-24)တို့ဖြင့် အနိုင်ရရှိခဲ့ပြီး ပြိုင်ပွဲဝင် အားကစားသမားများက အမှတ်တရဓာတ်ပုံများ စုပေါင်းရိုက်ကူးခဲ့ကြသည်။
ပြိုင်ပွဲသို့ ကျွန်းစုမြို့၊ တနင်္သာရီရေတပ်စခန်းဌာနချုပ် ဒုတိယဌာနချုပ်မှူး ဗိုလ်မှူးကြီးထွန်းလူနှင့် နှစ်နိုင်ငံ ရေတပ်အရာရှိများ၊ တနင်္သာရီ ရေတပ်စခန်းဌာနချုပ်မှ စစ်သည်များ၊ မိသားစုဝင်များ၊ အားကစား ဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)


