ရန်ကုန် ၅  ဧပြီ

 

မြန်မာ့ငှက်ပျောကို အရည်အသွေးမြင့်မြင့်ဖြင့် ပြည်ပဈေးကွက်သို့ ထိုးဖောက်နိုင်ရန်အတွက် ကောင်းမွန်သော စိုက်ပျိုးရေးအလေ့အကျင့် (GAP) လက်မှတ်ရရှိရန် စိုက်ပျိုးရေးဦးစီးဌာနသို့ လျှောက်ထားကြောင်း မြန်မာနိုင်ငံ ငှက်ပျောစိုက်ပျိုးထုတ်လုပ်၊ တင်ပို့ရောင်းချသူများ အစုအဖွဲ့မှ သိရသည်။

 

အဓိကအားဖြင့် စားသုံးသူများ ယုံကြည်စိတ်ချစွာ စားသုံးနိုင်ရန် ငှက်ပျောစိုက်တောင်သူများကို လက်ရှိတွင် GAP သင်တန်းများပေးလျက်ရှိပြီး GAP လက်မှတ်ရရှိရန် စိုက်ပျိုးရေးဦးစီးဌာနသို့ ၂၀၁၈ ခုနှစ်အတွင်း၌ စတင်လျှောက်ထားခြင်းဖြစ်ကြောင်း သိရသည်။

 

"စိုက်ခင်းတွေမှာ အကုန်လုံး GAP နည်းနဲ့ လုပ်နေကြပြီ။ အဲ့ဒီအတွက်လည်း မြန်မာ့စိုက်ပျိုးရေးဦးစီးဌာနမှာ GAP လက်မှတ်ရဖို့ လျှောက်နေတယ်။ ငှက်ပျောနဲ့ ပတ်သက်ပြီး GAP ကို မြန်မာနိုင်ငံမှာ မပေးသေးဘူး။ အဲ့ဒါကြောင့် လျှောက်ထားဆဲပဲပေါ့။ ဘယ်သူ့မှ လက်မှတ်မရသေးဘူး ။ ပြည်တွင်းက ငှက်ပျောကတော့ ပြည်ပကို တင်ပို့တာမရှိသေးဘူး။ ဒါပေမယ့် ကချင်ပြည်နယ်မှာ စိုက်တဲ့ငှက်ပျောကတော့ တရုတ်က လာစိုက်ပြီး ပြည်ပပို့တယ်။ ပြည်တွင်းက တောင်သူတွေကတော့ ပြည်ပကို တင်ပို့နိုင်ဖို့အတွက် လုပ်ဆောင်နေတာတော့ရှိတယ်။" ဟု မြန်မာနိုင်ငံ ငှက်ပျောစိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများ အစုအဖွဲ့၏ အတွင်းရေးမှူး ဒေါ်ဥမ္မာကျော်က ပြောသည်။

 

ပြည်တွင်း ငှက်ပျောကို တရုတ်သို့ နယ်စပ်ကုန်သွယ်ရေးမှတစ်ဆင့် တင်ပို့မှုများရှိသော်လည်း ငှက်ပျောသီးများ သယ်ယူပို့ဆောင်ရာတွင် ထုတ်ပိုးမှုအပိုင်းနှင့် ပတ်သက်၍ အခက်အခဲ ရှိခြင်းကြောင့် မြန်မာနိုင်ငံ ငှက်ပျောစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများ အစုအဖွဲ့မှ ခြင်းတောင်းဖြင့် သယ်ယူရေးစနစ် ဆောင်ရွက်မှုကို တစ်နှစ်ဝန်းကျင်သာ လုပ်ဆောင်ပေးနိုင်ခြင်းရှိသေးကြောင်း သိရသည်။

 

ငှက်ပျောသီး ထုတ်ပိုးမှုပိုင်းနှင့် ပတ်သက်ပြီး နောက်ပိုင်းတွင် အအေးခန်းကားများဖြင့် တင်ပို့နိုင်မည် ဆိုပါက အာဆီယံနိုင်ငံ ဈေးကွက်သို့ ထိုးဖောက်နိုင်မည်ဟု မျှော်မှန်းကြောင်း သိရသည်။

 

"တောင်သူလယ်သမားတွေက GAP လက်မှတ်ရရင်တော့ သူတို့စိတ်ထဲမှာ နိုင်ငံခြားကို ပို့လို့ရတယ် ဆိုပြီး ကြိုးစားနေတယ်။ ပြည်တွင်း ဈေးကွက်ပဲ ဖြန့်နိုင်သေးတယ်။ တစ်ချို့ကတော့ ပြည်တွင်းမှာ လာစိုက်ပြီးတော့ ပြည်ပကို ပြန်ပို့တာရှိတယ်။ ဒါပေမယ့် အဲ့ဒါကို မြန်မာငှက်ပျောလို့ သွားသတ်မှတ်လို့ မရဘူး။ မြန်မာ့ငှက်ပျောက အထားခံတာ၊ မခံတာရှိသေးတယ်။ မြန်မာပြည်က ဖီးကြမ်းကို ပိုအားသာပြီး စားတယ်။ နိုင်ငံခြားသားတွေက ဖီးကြမ်းကို သိပ်မကြိုက်ဘူး။ သီးမွှေးကျတော့ ဘာအခက်အခဲ ရှိလဲဆိုတော့ သယ်တဲ့နေရာမှာ မြန်မာတွေက အခုမှ ခြင်းတောင်းတွေနဲ့ သုံးကြတယ်။" ဟု ဒေါ်ဥမ္မာကျော်က ပြောသည်။

 

လက်ရှိတွင် City Mart များတွင် မြန်မာ့ငှက်ပျောနှင့် တရုတ်ငှက်ပျောကို ယှဉ်ရောင်းရာတွင် မြန်မာ့ငှက်ပျောကိုသာ အများဆုံး ဝယ်ယူစားသုံးသည်ကို တွေ့ရှိရကြောင်း သိရသည်။

 

ယခင်က GAP လက်မှတ် လျှောက်ထားရာတွင် အဆင်ပြေလွယ်ကူစွာ ထုတ်ပေးလျက်ရှိသော်လည်း ယခုအခါ နိုင်ငံတော်အစိုးရ အနေဖြင့် နိုင်ငံတကာနှင့်ယှဉ်၍ GAP စံနှုန်းသတ်မှတ်ချက်ကို အလေးထားလာခြင်းကြောင့် GAP စံချိန်စံညွှန်းကိုက်ညီမှသာ လက်မှတ်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

 

ငှက်ပျောကို မြန်မာနိုင်ငံ အနှံ့အပြားတွင် စိုက်ပျိုးလျက်ရှိသော်လည်း ဧရာဝတီတိုင်းဒေသကြီးတွင် အများဆုံး စိုက်ပျိုးလျက်ရှိပြီး GAP လက်မှတ်ရရှိရန်လည်း ဧရာဝတီတိုင်းဒေသကြီးရှိ ငှက်ပျောစိုက် တောင်သူများကို အဓိကဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

အေးယမုံ