မန္တလေး ၅ ဧပြီ
မြန်မာ့ပန်း(၁၀)မျိုးအတတ်ပညာတွင် တစ်ခုအပါအဝင်ဖြစ်သော ပန်းတမော့ ကျောက်ဆစ်လုပ်ငန်းကို မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံးဥသျှောင်ရပ်ကွက်၊ ကျောက်ဆစ်တန်းတွင် ကျောက်ဆစ်လုပ်ငန်းများ ဖြစ်သည့် ဆင်းတုရုပ်ပွားတော်များ၊ ရုပ်လုံးရုပ်ကြွများ၊ သိမ်တိုင်၊ ကမ္ဗည်းတိုင်၊ ကျောက်စာတိုင်များ၊ ကျောက်ပြားများကို တွင်ကျယ်စွာလုပ်ကိုင်လျက်ရှိရာ ပြည်ပခရီးသွားများ လာရောက်လေ့လာမှု များပြားလျက်ရှိကြောင်း သိရသည်။
ကျောက်ဆစ်လုပ်ငန်းကို မန္တလေးမြို့တွင် အများဆုံးလုပ်ကိုင်ကြပြီး ကျောက်တုံးတစ်တုံးကို ဘုရားဆင်းတု တစ်ဆူဖြစ်လာအောင် ရွေးချယ်ဆုံးဖြတ်နိုင်သူဟာ အခရာအကျဆုံး သူလို့ ကျောက်ဆစ်လုပ်ကိုင်သူတွေက သတ်မှတ်ကြပါတယ်၊ ကျောက်တုံးတိုင်းကို ထုဆစ်လိုရနိုင်ပေမယ့် ဘုရားဆင်းတု ထုမယ့် ကျောက်တုံးမှာ အပြစ်အနာအဆာတွေ ကင်းနေအောင် ရွေးချယ်နိုင်ဖို့ လိုအပ်ပါတယ်၊ စကျင်ကျောက်များ ထွက်ရှိရာ မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်၊ စကျင်ကျေးရွာ စကျင်တောင်ကနေ အများဆုံး မှာယူလုပ်ကိုင်ကြကြောင်း မန္တလေးမြို့မှ ကျောက်ဆစ်လုပ်ငန်း လုပ်ကိုင်သူများက ပြောကြားသည်။
အဆိုပါ ကျောက်ဆစ်တန်းတွင် ကျောက်ဆစ်လုပ်ငန်းရှင် ၇၅ ဦးရှိပြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင်လည်း ကျောက်ဆစ်လုပ်ငန်း လုပ်ကိုင်သူများရှိကြောင်း သိရသည်။ မန္တလေးမြို့သို့ ဝင်ရောက်လာသည်မှာ အကြမ်းထည် များဖြစ်ပြီး ထိုအကြမ်းထည်များကို ဆင်းတုတော်ထုလုပ်ကာ မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်သို့ တင်ပို့ရောင်းချ လျက်ရှိကြောင်း သိရသည်။ အချောထည်လုပ်ငန်းအနေဖြင့် ဆင်းတုတော်ထုလုပ်ရာတွင် မျက်နှာတော် ဖွင့်ခြင်း၊ ဆံတော်ထိုးခြင်း၊ စက်အကြမ်းချောခြင်း၊ လက်အချောလိုက်ခြင်း၊ အရောင်တင်ခြင်း စသည့်လုပ်ငန်း အဆင့်ဆင့်ရှိကြောင်းနှင့် အရွယ်အစားမျိုးစုံ ပြုလုပ်ကြကြောင်း ရွှေယင်းမာကျောက်ဆစ်လုပ်ငန်းမှ လုပ်ငန်းရှင်တစ်ဦး ကပြောပြသည်။
လက်ရှိဈေးကွက်ကတော့ ပြည်တွင်းပဲအားကိုးရတာ၊ ပြည်ပခရီးသွားတွေကတော့ အမှတ်တရ ပစ္စည်းအဖြစ် ရုပ်တုအသေးများသာဝယ်ယူကြကြောင်း၊ အကြီးစားတွေကပြည်ပခရီးသွားများအနေဖြင့် သယ်ယူဖို့အဆင်မပြေတာကြောင့် လာရောက်လေ့လာမှုများပြားသော်လည်း လေ့လာဖို့သက်သက်သာ လာရောက်ကြ ကြောင်း၊ ယခင်က စူး၊စောက်၊တံစဉ်း အသုံးပြုခဲ့ရာမှ ယခုအခါ ကျောက်စက်၊ စိန်တံတပ် ဂန်းစက်များ အသုံးပြု၍ လုပ်ငန်းတွင်ကျယ်စွာ လုပ်ကိုင်လာကြကြောင်း၊ ၄င်းကဆက်လက် ပြောပြသည်။
မြန်မာ့ပန်းတမော့ပညာ ကျောက်ဆစ်လုပ်ငန်းသည် မန္တလေးမြို့ဂုဏ်ဆောင် လုပ်ငန်းတစ်ခုအဖြစ် တည်ရှိနေပြီး အောင်မြင်မှုရနေသော လုပ်ငန်းတစ်ခုဖြစ်ကာ ပြည်ပခရီးသွားများကိုလည်း ဆွဲဆောင်လျက်ရှိကြောင်း သိရသည်။
ဝေဖြိုးအောင်(ပြန်/ဆက်)၊ သန်းဇော်မင်း(ပြန်/ဆက်)


