မိတ္ထီလာ ၅ ဧပြီ
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မိတ္ထီလာ၊ မြင်းခြံ၊ ညောင်ဦးခရိုင် ၃ ခု၌ အခြေခံစာတတ်မြောက်ရေး လုပ်ငန်းကို ဆောင်ရွက်သွားမည်ဖြစ်ပြီး ယနေ့နံနက် ၈ နာရီက မိတ္ထီလာတက္ကသိုလ်၌ အခြေခံစာတတ်မြောက်ရေး လုပ်ငန်းနည်းပြသင်တန်းကို ဖွင့်လှစ်ပို့ချကြောင်း သိရသည်။
အဆိုပါ အခြေခံစာတတ်မြောက်ရေး လုပ်ငန်းနည်းပြသင်တန်းဖွင့်ပွဲ အခမ်းအနားတွင် မိတ္ထီလာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်က အမှာစကားပြောကြားပြီး သင်တန်းဖွင့်လှစ်ရခြင်းအကြောင်းနှင့် စပ်လျဉ်းသည်များအား ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်ဌေးက ရှင်းလင်းပြောကြားသည်။ ခရိုင်၃ ခုအတွင်း အခြေခံ စာတတ်မြောက်လုပ်ငန်းများဆောင်ရွက်မည့် အစီအစဉ်နှင့် ပတ်သက်၍ မိတ္ထီလာခရိုင်၊ မြင်းခြံခရိုင်တို့မှာ ဧပြီလ ၅ ရက်နေ့ကနေ ၇ ရက်နေ့အထိ သင်တန်းဖွင့်လှစ်ပို့ချမှာဖြစ်ပြီး မိတ္ထီလာကသင်တန်းမှာ မိတ္ထီလာတက္ကသိုလ်နဲ့ မိတ္ထီလာနည်းပညာတက္ကသိုလ်က သင်တန်းသားများ တက်ရောက်ပြီး မြင်းခြံဒီဂရီကောလိပ်မှာ အဲဒီကောလိပ်နဲ့ မြင်းခြံနည်းပညာတက္ကသိုလ်က သင်တန်းသားများ တက်ရောက်ကြမှာပါ။ ညောင်ဦးခရိုင် အတွက်နည်းပြသင်တန်းကတော့ ဧပြီ ၆ မှ ဧပြီ ၈ အထိ မန္တလေးပညာရေး ကောလိပ်မှာဖွင့်လှစ်မှာဖြစ်ပြီး မန္တလေးတက္ကသိုလ်နဲ့ မန္တလေးနည်းပညာ တက္ကသိုလ်က သင်တန်းသားတွေတက်ရောက်မှာဖြစ်ပါတယ်ဟု ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
မိတ္ထီလာခရိုင်၊ မြင်းခြံခရိုင်နှင့် ညောင်ဦးခရိုင်တို့တွင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းကို ဧပြီ ၉ ရက်နေ့မှမေလ ၁၈ ရက်နေ့အထိ ဆောင်ရွက်မည်ဖြစ်သည်။ မိတ္ထီလာခရိုင်၌ စာသင်ဝိုင်း ၅၀၁ ဝိုင်း စာသင်သား ၅၇၉၂ ဦး၊ ကြီးကြပ်သူ ၅၀ ဦး၊ နည်းပြ ၁၀ဝ၂ ဦး၊ မြင်းခြံခရိုင်၌ စာသင်ဝိုင်း၂၁၈ ဝိုင်း၊ စာသင်သား ၁၉၉၆ ဦး၊ ကြီးကြပ်သူ ၂၂ ဦး၊ နည်းပြ ၄၃၆ ဦး၊ ညောင်ဦးခရိုင်၌ စာသင်ဝိုင်း ၁၀၆ ဝိုင်း၊ စာသင်သား ၁၀၃၃ ဦး စုစုပေါင်းခရိုင် ၃ ခု၌ စာသင်ဝိုင်း ၈၂၅ ခုတွင် စာသင်သား ၈၈၂၁ ဦးတို့အား ကြီးကြပ်သူ ၈၃ ဦး ၊ နည်းပြ ၁၆၅၀ ဦး တို့က မြန်မာစာ၊ သင်္ချာ အရေး၊ အဖတ်အတွက် အချက်များကို ကျွမ်းကျင်တတ်မြောက်အောင် သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ချမ်းသာ(မိတ္ထီလာ)


