နေပြည်တော် ၅ ဧပြီ
နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်သူသည် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီး H.E. Mr. Manjurul Karim Khan Chowdhury အား ယနေ့နံနက် ၁၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန နေပြည်တော်၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် အမြဲတမ်းအတွင်းဝန်က နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေးဆိုင်ရာ မြန်မာ-ဘင်္ဂလားဒေ့ရှ် ဒုတိယအကြိမ်ပူးတွဲ လုပ်ငန်းအဖွဲ့ အစည်းအဝေးအား ၂၀၁၈ ခုနှစ် မေလတွင်လည်းကောင်းနှင့် တတိယအကြိမ် ပူးတွဲ လုပ်ငန်းအဖွဲ့အစည်းအဝေးအား ၂၀၁၈ ခုနှစ် အောက်တိုဘာလတွင်လည်းကောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီးဖြစ်ရာ နှစ်နိုင်ငံအစည်းအဝေးများကို အပြန်အလှန် ကျင်းပလေ့ရှိသည့် မူနှင့်အညီ ယခုစတုတ္ထအကြိမ်မြောက် ပူးတွဲလုပ်ငန်းအဖွဲ့ အစည်းအဝေးများကို ဧပြီ ၂၇ ရက်တွင် နေပြည်တော်၌ ကျင်းပလိုကြောင်း အသိပေးပြောကြားခဲ့သည်။
(သတင်းစဉ်)


