ရွှေကျင် ၅ ဧပြီ
ပဲခူးတိုင်းဒေသကြီး လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ဧပြီ ၅ ရက် နံနက်က ပဲခူးခရိုင်၊ ရွှေကျင်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် လေဘေးကြိုတင်ကာကွယ်ရေး အိုးအိမ်ပြုပြင်မှု လုပ်ငန်းများကွင်းဆင်းဆောင်ရွက်ပေးကြောင်း သတင်းရရှိသည်။
အဆိုပါလုပ်ငန်းများကို ရွှေကျင်မြို့နယ်ရှိ ဒလဆိပ်ကျေးရွာအုပ်စု၊ မိုးခိုကျေးရွာနှင့် မဘီးကျေးရွာအုပ်စု၊ မဘီးရွာဟောင်းကျေးရွာတို့သို့ ရွှေကျင်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်နှင့် ရွှေကျင်လူငယ်ပရဟိတအသင်းအဖွဲ့ဝင်များဖြင့် သွားရောက်ပြီး လေဘေးကြိုတင် ကာကွယ်ရေးအိုးအိမ်ပြုပြင်မှုလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သိရသည်။
မြန်မာ့ရိုးရာဓလေ့အရ မိမိတို့၏အိုးအိမ်တို့ကို မိုးဦးလေဦး မိုးတစ်ပြိုက်လေတစ်ပြိုင် ကျရောက်ပြီးချိန် မှသာ ပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လေ့ရှိကြပါသည်။ သို့ဖြစ်ရာ ဖြစ်ပွားပြီးချိန်မှ ဆောင်ရွက်ခြင်းဖြင့် ထိခိုက်ပျက်စီးမှုများကြုံတွေ့ရပြီး လူသေဆုံးခြင်းများကိုလည်းကြုံတွေ့ရနိုင်သည်။
သို့ဖြစ်ပါ၍ မဖြစ်ပွားမီအချိန်ကပင် ကြိုတင်ပြင်ဆင်မှုလုပ်ငန်းအဖြစ် မိမိတို့၏ အိုးအိမ်များကို ကြံ့ခိုင်မှုစစ်ဆေးပြီး လိုအပ်သည့် နေရာများတွင် အသေးစား ပြင်ဆင်မှုလုပ်ငန်းများကို ဆောင်ရွက်သည့် အလေ့အထများ ပေါ်ပေါက်စေရန် ရည်ရွယ်ပြီး စံနမူနာပြ ကွင်းဆင်းဆောင်ရွက်ပေးခြင်းဖြစ်သည်ဟု ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ဟိန်းထက်(ပဲခူး)


