ပဲခူး   ၅  ဧပြီ

 

မြန်မာနေထိုင်မှုအခြေအနေစစ်တမ်း အဓိကညွှန်းကိန်းများအစီရင်ခံစာ ၂၀၁၇ (Key Indicators Report) ရှင်းလင်းပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ကျင်းပ ပြုလုပ်သည်။

 

ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက စာရင်းအချက်အလက် ကိန်းဂဏန်းများသည် တိုင်းပြည်၏ လူမှုရေး၊ စီးပွားရေး မူဝါဒများချမှတ်ရာတွင် အရေးပါကြောင်း၊ စီးပွားရေးမူဘောင်များ ချမှတ်ဆောင်ရွက်ရာတွင် စာရင်းအင်းများ ရှေ့နောက်ညီညွတ်မှုရှိရန်၊ အချိန်မီရရှိရန်၊ ယုံကြည်ကိုးစားနိုင်သော ခိုင်မာသည့် စာရင်းအင်း များဖြစ်စေရန် အရေးကြီးကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။

 

ထို့နောက် မြန်မာနေထိုင်မှုအခြေအနေစစ်တမ်း အဓိကညွှန်းကိန်းများအစီရင်ခံစာ ၂၀၁၇ (Key Indicators Report) ပြုစုနိုင်ရေး ပြည်နယ်/တိုင်းဒေသကြီးများသို့ မြေပြင်စာရင်းကောက်ယူခဲ့မှု Video Clip အား ပြသခဲ့ပြီး ဗဟိုစာရင်းအင်းအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဦးဆန်းမြင့်က မြန်မာနေထိုင်မှုအခြေအနေစစ်တမ်း အဓိကညွှန်းကိန်းများအား Power Point ဖြင့် အသေးစိတ်ရှင်းလင်းတင်ပြခဲ့မှုအပေါ် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ဝန်ကြီး ဦးညွန့်ရွှေ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဝန်ကြီး ဦးအောင်ဇော်နိုင် နှင့် တက်ရောက်လာသည့် ဌာနဆိုင်ရာများမှ  မြန်မာနေထိုင်မှုအခြေအနေစစ်တမ်း အဓိကညွှန်းကိန်းများ အစီရင်ခံစာ ၂၀၁၇ အပေါ် အကြံပြုဆွေးနွေးခဲ့ရာ၊ ညွှန်ကြားရေးမှူးချုပ်  ဦးဆန်းမြင့်က ပြန်လည်ရှင်းလင်းဆွေးနွေးတင်ပြခဲ့သည်။

 

ယင်းနောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းက စစ်တမ်းကောက်ယူသည့် အချက်အလက်များအပေါ် မူတည်၍ သယံဇာတခွဲဝေမှု၊ ဘတ်ဂျက်ခွဲဝေမှုတို့ကို ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း၊ ခိုင်မာအားကောင်းသည့် မူဝါဒများ ချမှတ်ဆောင်ရွက်ရာတွင် အရည်အသွေးပြည့်ဝတဲ့ စာရင်းအင်း အချက်အလက်များ အရေးကြီးသကဲ့သို့ ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်နေသည့် ကဏ္ဍများ၊ နေရာဒေသများကိုလည်း ဦးစားပေးများအဖြစ် ရှာဖွေဖော်ထုတ်ရန် အလွန်အရေးကြီးကြောင်း "Better Data, Better Statistics, Better Livers"ဆိုသည့်အတိုင်း စာရင်းအင်းအချက်အလက်များ ပိုမိုအရည်အသွေးမြင့်မားမှ ပြည်သူများရဲ့ လူနေမှုဘဝအဆင့်အတန်း မြင့်မားလာမည်ဖြစ်ကြောင်း၊ အစီရင်ခံစာပါ အချက်အလက်များသည် ငြိမ်းချမ်းပြည့်စုံကြီးပွားတိုးတက်သော ဒီမိုကရေစီအားပေးမှုကို ထောက်ပံ့ပေးနိုင်မည့် မူဝါဒများချမှတ်နိုင်ရေး အကူအညီပေးနိုင်မည်ဖြစ်ကြောင်း နိဂုံးချုပ် အမှာစကား ပြောကြားခဲ့သည်။

 

အဆိုပါ မြန်မာနေထိုင်မှုအခြေအနေစစ်တမ်း အဓိကညွှန်းကိန်းများအစီရင်ခံစာ ၂၀၁၇ (Key Indicators Report)သည် ပြည်ထောင်စု၊ တိုင်းဒေသကြီး/ပြည်နယ်၊ မြို့ပြ/ကျေးလက်တို့အတွက် ဆင်းရဲနွမ်းပါးမှုနှင့် နေထိုင်မှုအခြေအနေကို ခေတ်နှင့်အညီ အနီးစပ်ဆုံးခန့်မှန်းသိရှိစေရန်၊ ပြည်ထောင်စုအဆင့် အချက်အလက်လိုအပ်မှုနှင့် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးမှုပန်းတိုင်း (SDGs)အတွက် လိုအပ်သော ကိန်းဂဏန်းအချက်အလက်များ၊ ညွှန်ကိန်းများရရှိနိုင်ရန်၊ စားသုံးသူဆနှုန်း(CPI)တွက်ချက်ရာတွင် အထောက်အကူပြုရန်၊ အမျိုးသား စာရင်းစနစ် (System of National Accounts - SNA) တွက်ချက်ရန်အတွက် စားသုံးမှုကုန်ကျစရိတ်ကို ခန့်မှန်းနိုင်ရန်တို့အတွက် ရည်ရွယ်ရခြင်းဖြစ်ကြောင်း သိရှိရသည်။

 

 

အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဗဟိုစာရင်းအင်းအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ဦးဆန်းမြင့်နှင့် တာဝန်ရှိသူများ၊ အစိုးရအဖွဲ့ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

 

ဟိန်းထက်(ပဲခူး)