နေပြည်တော် ၅ ဧပြီ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဆောင်ရွက်ပေးမှုဖြင့် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဉီးစီးဌာန၏ စေတနာမျှဝေခြင်း အစီအစဉ်ဖြင့် တူးဖော်ထားသည့် စက်ရေတွင်းဖွင့်ပွဲ အခမ်းအနားကို မန္တလေးတိုင်းဒေသကြီး၊ ညောင်ဉီးမြို့နယ်၊ စုတည်အုပ်စု၊ ရွှေတွင်းရပ်ကျေးရွာတွင် ဧပြီ ၄ ရက် နံနက် ၈ နာရီခွဲက ကျင်းပခဲ့သည်။
အခမ်းအနားတွင် HALPIN GROUP (PyinnyarAungMyay) YANGON မှ ဆရာကြီး ဉီးကျော်ဝင်းက ရွှေတွင်းကျေးရွာတွင် စက်ရေတွင်းတူးဖော်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကျေးရွာနေ အငြိမ်းစား ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းကြည်က ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။
နွေဉီးကာလတွင်ပင် ကျေးရွာနေပြည်သူများရင်ဆိုင်နေရသည့် သောက်သုံးရေမလုံလောက် မှုပြဿနာကို ကူညီဖြေရှင်းပေးရန် HALPIN GROUP (PyinnyarAungMyay) YANGON မိသားစုဝင်များ၏ အလှူငွေကျပ် ၉၃၂၆၀ဝ၀ မတည်မှုဖြင့် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဉီးစီးဌာနမှ တွင်းတူးစက်နှင့် နည်းပညာအကူအညီပေး၍ စက်ရေတွင်းတူးဖော်မှုကို ၁၃ ရက် အတွင်း ဆောင်ရွက်နိုင်ခဲ့သည်။
ရွှေတွင်းကျေးရွာရှိအိမ်ထောင်စု ၅၀၊ လူဉီးရေ ၃၀ဝ တို့အတွက် တစ်နာရီရေထွက်နှုန်းဂါလန် ၂၀ဝ၀၊ အနက်ပေ ၆၀ဝ ရှိ လေးလက်မကျောက်စရစ်ကာရံ အမျိုးအစား စက်ရေတွင်းတစ်တွင်း၊ ရေတင်စက်ရုံတစ်ခု၊ ဂါလန် ၆၀ဝ၀ ဆံ့ ရေကန်တစ်ကန်နှင့် အိမ်တိုင်ရာရောက် ပိုက်လိုင်းများသွယ် တန်းပေးနိုင်ခဲ့သည်။
စက်ရေတွင်းဖွင့်ပွဲအား ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဉီးကျော်မြင့်လှိုင်၊ ညောင်ဉီးမြို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဉီးကျော်တုတ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဉီးဝင်းမြင့်ခိုင်၊ HALPIN GROUP (Pyinnyar AungMyay) YANGON တည်ထောင်သူ ဉီးသိန်းထွန်းနှင့် ဆရာကြီးဒေါက်တာ ကျော်မျိုးနိုင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


