ပေကျင်း ၅ ဧပြီ

 

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့ရှိ  ဒစ်ဂျစ်တယ်ရုပ်ရှင်လုပ်ငန်း၊ ရုပ်ရှင်နှင့် ရုပ်မြင်သံကြားထုတ်လုပ်မှု အခြေစိုက်စခန်း တို့ကို ကြည့်ရှုလေ့လာကြသည်။

       

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် China Film Group ၌ ဒစ်ဂျစ်တယ်မြင်ကွင်းကျယ်စနစ် (China Film Giant Screen Format)  ဖြင့် ရုပ်ရှင်ပြသမှုကို ဦးစွာကြည့်ရှုလေ့လာပြီး China Film Equipment Co.Ltd ၌ CFGS နည်းပညာတီထွင်၍ ၂၀၁၂ ခုနှစ်မှ စတင်အသုံးပြုမှု၊ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေမှုနှင့် စရိတ်လျော့ချနိုင်ရန် ကြိုးပမ်းဆောင်ရွက်နေမှုတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြမှုအပေါ် သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။

       

တရုတ်ဒစ်ဂျစ်တယ်မြင်ကွင်းကျယ်စနစ် (CFGS) နည်းပညာကို တရုတ်နိုင်ငံ အနေဖြင့် ပြည်ပနိုင်ငံကြီးများ၏ နည်းပညာထိုးဖောက်မှုမှ ကာကွယ်နိုင်ရန်နှင့် နည်းပညာယှဉ်ပြိုင်နိုင်ရန်အတွက် သုတေသနပြုလုပ်၍ ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။ ယခုအခါ တရုတ်နိုင်ငံရှိ ရုပ်ရှင်ပိတ်ကားပေါင်းလေးသောင်းခန့်အနက် လေးရာနီးပါးတွင် အသုံးပြုနေပြီး စီပွားဖြစ် လုပ်ကိုင်နေသည့်အပြင် အမေရိကန်၊ အင်ဒိုနီးရှား စသည့် နိုင်ငံများသို့လည်း ထိုးဖောက်နိုင်ပြီဖြစ်သည်။ ယခုအခါ IMAX ရုပ်ရှင်ထုတ်လုပ် ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့နှင့်အပြိုင် DMAX ဟု ထင်ရှားလူသိများလျက်ရှိကြောင်း သိရသည်။

       

မွန်းလွဲပိုင်းတွင် ပေကျင်းမြို့ ဟွိုင်လိုမြို့နယ်၊ ရန်စန့်ဒေသရှိ တရုတ် ဒစ်ဂျစ်တယ် ရုပ်ရှင်နှင့် ရုပ်မြင်သံကြားထုတ်လုပ်မှု အခြေစိုက်စခန်း ( State Production Base of The China Film Group ) သို့ရောက်ရှိကြပြီး Indoor, Outdoor ရိုက်ကူးနိုင်သည့် စတူဒီယိုများ၊ ဆက်တင်ပြင်ဆင်ပြုလုပ်နေမှုများ၊ အသံတု၊ နောက်ခံအသံနှင့် အသံတည်းဖြတ်မှုလုပ်ငန်းများကို ကြည့်ရှုလေ့လာကြသည်။

       

အဆိုပါ ရုပ်ရှင်နှင့် ရုပ်သံထုတ်လုပ်မှု အခြေစိုက်စခန်းကို တရုတ်ယွမ်ငွေသန်း ၂၀ဝ၀ ကျော် ရင်းနှီးမြှပ်နှံပြီး Indoor , Outdoor ရိုက်ကွင်းများပါဝင်သည့် စတူဒီယို (၁၆)ခု ပါဝင်ဖွဲ့စည်းကာ ဧရိယာစတုရန်းမီတာ ၅၀ဝ၀ အကျယ်အဝန်းတွင်  (၂)နှစ်ခွဲခန့်အချိန်ယူ တည်ဆောက်ထားခြင်း ဖြစ်သည်။

 

ယင်းကို ၂၀၁၈ ခုနှစ် သြဂုတ်တွင် ဖွင့်လှစ်ခဲ့ပြီးခေတ်မှီ ရုပ်ရှင်ထုတ်လုပ်ရေး ကိရိယာများဖြင့် ပါဝင်တည်ဆောက်ကာ ပန်းခြံ၊ စားသောက်ဆိုင်၊ ဟိုတယ်နှင့် ဝန်ဆောင်မှုလုပ်ငန်းများဖြင့် တွဲဖက်တည်ဆောက်ထားသော အာရှတွင်အကြီးဆုံး ရုပ်ရှင်နှင့် ရုပ်သံထုတ်လုပ်ရေး စခန်းဖြစ်ကြောင်း သိရသည်။

 

(သတင်းစဉ်)