mdn

ရန်ကုန် ၅  ဧပြီ

 

ခရီးသွားလုပ်ငန်းမြှင့်တင်ရန် ရည်ရွယ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတား မြို့နယ်အတွင်းရှိ ဘဏ်လမ်းနှင့် ပန်းဆိုးတန်းလမ်း (အောက်ဘလောက်) နေရာတို့တွင် အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့ များတွင် Yangon Weekend Market (Pansodan) ကို မေလပထမပတ်မှစတင် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း Yangon Weekend Market  (Pansodan) ဖြစ်မြောက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးအုန်းမြင့်ကပြောသည်။

 

ယနေ့ ညနေ ၃ နာရီကရန်ကုန်မြို့ SKY STAR Hotelတွင်ပြုလုပ်သည့် ရန်ကုန် တိုင်းဒေသကြီး အစိုးရ အဖွဲ့မှ တာဝန်ပေးအပ်ဖွဲ့စည်းထားသောYangon Weekend Market (Pansodan) ဖြစ်မြောက်ရေး လုပ်ငန်းကော်မတီနှင့် Golden Market Myanmar Co., Ltd တို့အကြားYangon Weekend Market (Pansodan) အကောင်အထည်ဖော်ဆောင်ရွက်ရန် Operator အဖြစ် လုပ်ကိုင်ခွင့်ပြုခြင်းနှင့် ပတ်သက်သည့် လုပ်ငန်းသဘောတူစာချုပ် ချုပ်ဆိုခြင်းအခမ်းအနားတွင် ၄င်းက ထိုသို့ပြောကြားခြင်း ဖြစ်သည်။

 

မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဌ၊ Yangon Weekend Market (Pansodan) ဖြစ်မြောက်ရေးလုပ်ငန်းကော်မတီဥက္ကဌ ဦးအုန်းမြင့်က ’’ ခရီးသွား လုပ်ငန်းက နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အထိရောက်ဆုံးလုပ်ငန်းတစ်ခုပါ။ ပြည်တွင်းပြည်ပခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ဖို့အတွက် စိတ်ဝင်စားစရာနေရာတွေရှာရမယ်။ ပြည်တွင်း ပြည်ပခရီးသွားတွေ စိတ်ဝင်စား နိုင်မယ့် နည်းလမ်းတစ်ခုရွေးပြီး ဆောင်ရွက်ခဲ့တာပါ  ’’ဟုပြောသည်။

 

ဆိုင်ခန်းပေါင်း  ၇၀ ကျော်ပါဝင်သည့် Yangon Weekend Market (Pansodan) ကို အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်း နံနက်ပိုင်းနှင့် ညပိုင်းဟူ၍ အပိုင်း ၂ ပိုင်း သတ်မှတ်၍ ဖွင့်လှစ်သွားမည်ဖြစ်ကာ ပြည်တွင်းထွက်ကုန်ပစ္စည်းများ၊ ဒေသထွက်ကုန် ပစ္စည်းများ၊ တိုင်းရင်းသားရိုးရာ အစားစာများ၊ လက်မှုအနုပညာပစ္စည်းများ ရောင်းချ သွားမည်ဖြစ်ကြောင်းသိရသည်။

 

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်နော်ပန်းသဉ္စာမျိုးက “ခရီးသွားလုပ်ငန်းအတွက် ခရီးစဉ်တစ်ခုတိုးလာဖို့ရယ် ဒေသ အတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် တိုင်းရင်းသားတွေရဲ့အစားစာ၊ ဒေသထွက်ကုန်တွေကို မိတ်ဆက်ဖို့ SME လုပ်ငန်းအသေးလေးတွေ ကနေ အလွယ်တကူ စတင်နိုင်တဲ့ အခွင့်အလမ်းတွေရရှိဖို့ အဲ့ဒီရည်ရွယ်ချက်တွေနဲ့လုပ်တာပါ’’ ဟုပြော သည်။

 

Yangon Weekend Market (Pansodan)ကိုအကောင်အထည်ဖော်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရမှ တင်ဒါခေါ်ယူခဲ့ရာ ကုမ္ပဏီနှစ်ခုမှ ဝင်ရောက်ယှဉ်ပြိုင် ခဲ့ပြီး Golden Market Myanmar Co., Ltd က တင်ဒါအောင်မြင်ပြီး လုပ်ကိုင် ခွင့်ရရှိခဲ့ကြောင်း ယနေ့အခမ်းအနားမှ သိရသည်။

 

(သတင်း၊ဓာတ်ပုံ/မင်းသစ်(MNA)