ရန်ကုန် ၅ ဧပြီ
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ကြီးမှူးကျင်းပသော ထာဝရငြိမ်းချမ်းရေး ဓမ္မသ ဘင် ပဉ္စမနေ့ကို ယနေ့ ည ၇ နာရီခွဲက ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်မြတ်ကြီး ထီးတော်ရိပ်အောက် ရှိ ပြည်သူ့ရင်ပြင်၌ဆက်လက်ကျင်းပရာ အောက်စဖို့ဒ်ဆရာတော် ဒေါက်တာအရှင်ဓမ္မသာမိက နိဗ္ဗာန်ရောက်ကြောင်း တရားဒေသနာတော်ကို ဟောကြားချီးမြှင့်သည်။
ငြိမ်းချမ်းရေးဓမ္မသဘင်ပဉ္စမနေ့သို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နှင့်ဇနီး၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းနှင့်ဇနီး၊ ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးအသင်းအဖွဲ့များနှင့် တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များမှ တရား ချစ်ခင်သူတော်စင်များက နိဗ္ဗာန်ရောက်ကြောင်းတရားတော်ကို ရိုသေစွာနာယူကြည်ညို ကြသည်။

နေပြည်တော်ရှိ ထာဝရငြိမ်းချမ်းရေးစေတီတော်တွင် ကိန်းဝပ်စံပယ်တော်မူမည့် ဉာဏ်တော် အမြင့် ၆ ပေ ရှိ စကျင်ဗုဒ္ဓရုပ်ပွားတော် နှစ်ဆူနှင့် ဉာဏ်တော်အမြင့် သုံးပေရှိ စကျင်ဗုဒ္ဓရုပ်ပွားတော် တစ်ဆူတို့အား ရဟန်းရှင်လူပြည်သူအများ ကုသိုလ်ယူ ပူဇော်နိုင်ရန်အတွက် ရွှေတိဂုံစေတီ တော်မြတ်ကြီး၏ မေတ္တာရိပ်အောက်တွင် ဧပြီ ၁ ရက်မှ ၁၈ ရက်အထိ ရင်ငွေ့တော်လှုံ အပူဇော်ခံ လျက်ရှိရာ ယနေ့တွင် ရဟန်းရှင်လူပြည်သူအများက လာရောက်ဖူးမြော် ကြည်ညိုလျက် စေတီတော် တည်ထားကိုးကွယ်ရေးအတွက် အလှူတော်ငွေများ ထည့်ဝင်လှူဒါန်းကြပြီး ဝတ်အသင်းအဖွဲ့ များက လည်း ဝတ်ရွတ်ပူဇော် ကုသိုလ်ယူ လျက်ရှိသည်။
ပြည်ထောင်စုကြီး ထာဝရငြိမ်းချမ်းရေးရရှိရန်ရည်သန်လျက် ထာဝရငြိမ်းချမ်းရေးစေတီတော် ကို ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ကံ့ကော်ပန်းအဝိုင်းအနီးတွင် မြန်မာနိုင်ငံသူ၊ နိုင်ငံသားတို့၏ စုပေါင်းအင်အားဖြင့် တည်ထားကိုးကွယ်လျက်ရှိသည်။
(ဟန်လင်းနိုင်)



