နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ်ချက်များတွင် လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေးနှင့် လျှပ်စစ်ဓာတ်အား ရရှိရေးတို့လည်း ပါဝင်သည်။ တစ်ဖန်လမ်းများ ကောင်းမွန်ချောမွေ့ရန်နှင့် လျှပ်စစ် ဓာတ်အားရရှိရန်တို့သည် ပြည်သူလူထု၏ အဓိက လိုလားချက်များလည်း ဖြစ်နေသည်။ ဒေသတစ်ခုတွင် လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ချောမွေ့ပြီး လျှပ်စစ်ဓာတ်အား ရရှိလာသည်နှင့်အမျှ ဒေသခံ ပြည်သူများ၏ လူမှုစီးပွားဘဝများမှာ လျင်မြန်စွာ တိုးတက်ကောင်းမွန်လာပြီး ဒေသလည်းဖွံ့ဖြိုး တိုးတက်လာသည်သာ ဖြစ်သည်။
''လျှပ်စစ်ဓာတ်အားရရှိရေး ကိစ္စသည် သာမန်ပြည်သူများအားလုံး တစ်ပြိုင်နက်ခံစားနိုင်သည့် အခွင့်အရေး ရှိပါကြောင်း၊ အိမ်တိုင်းတွင် ခလုတ်နှိပ်လိုက်ရုံဖြင့် မီးလင်းလာနိုင်သည့် အခြေအနေကို ခံစားနိုင်ပါကြောင်း၊ ထို့ကြောင့် အများနှင့်ဆိုင်သည့် စီမံကိန်းများကို အထူးအလေးပေး ဆောင်ရွက် နေပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေးသည်လည်း ထိုကဲ့သို့ဖြစ်ပါကြောင်း၊ လမ်းတံတားသည် အစုအဖွဲ့ တစ်ခုတည်းနှင့် မဆိုင်ဘဲ ပြည်သူအားလုံးနှင့် ဆိုင်ပါကြောင်း၊ ဒေသတွင်းရှိသည့် ပြည်သူများ အားလုံးအတွက် လမ်းကောင်းခြင်း၊ တံတားကောင်းခြင်းသည် များစွာအရာရောက်ပါကြောင်း၊ အများအတွက် ကောင်းကျိုးကို ဦးစားပေးရမည် ဖြစ်ပါကြောင်း'' စသည်ဖြင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ရာ ပြည်ထောင်စုကြီး၏ ဒေသ အသီးသီးတွင် ရှိနေသော ပြည်သူများ၏ အကျိုးစီးပွား မြင့်မားတိုးတက်ရေးအတွက် နိ်ုင်ငံတော်၏ ဆောင်ရွက်ချက်များကို ထင်ဟပ်လျက်ရှိသည်။
လမ်းတံတားများ အဆင့်မြှင့်တင်ခြင်း၊ တိုးချဲ့တည်ဆောက်ခြင်းတို့ကို ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့တွင် လည်းကောင်း၊ စစ်ကိုင်း၊ တနင်္သာရီ၊ ပဲခူး၊ မကွေး၊ မန္တလေး၊ ရန်ကုန်၊ ဧရာဝတီတိုင်းဒေသကြီး အားလုံးတို့တွင် လည်းကောင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လမ်းပန်းဆက်သွယ်ရေး အဆင့်မြင့်ကောင်းမွန်လာမှုကို ပြည်သူများအားလုံး မျက်မြင်လက်တွေ့ အကျိုးခံစားနေကြရပြီဖြစ်သည်။ ၂၀၃၀ ပြည့်နှစ်ကို ရည်မှန်းလျက် လာမည့် ၁၀ နှစ်ကျော်ကာလအတွင်း နိုင်ငံတစ်ဝန်းရှိ လမ်းအရှည် စုစုပေါင်းကီလိုမီတာ ၄၂၀ဝ၀ ကျော်ကို အာဆီယံ Class III ၁၈ ပေအကျယ်၊ ကတ္တရာ/ ကွန်ကရစ်ခင်းလမ်းများ အဆင့်သို့ လည်းကောင်း၊ တံတားများအားလုံးကိုလည်း ၂၄ ပေ အကျယ် နှစ်လမ်းသွားသံကူကွန်ကရစ် တံတား/ ကြိုတင်အားဖြည့် ကွန်ကရစ်တံတား/ သံပေါင်တံတား အဆင့်သို့လည်းကောင်း အနည်းဆုံးအားဖြင့် ရောက်ရှိအောင် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ အလားတူပင် ကျေးလက်လမ်းအရှည် စုစုပေါင်းမိုင် ၅၅၅၀ဝ ကျော်တို့ကို အဆင့် A,B,C ခွဲခြားကာ ၁၂ပေ အကျယ် ကတ္တရာလမ်း၊ ကွန်ကရစ်လမ်း၊ ကျောက်လမ်း၊ အမာခံ လမ်းများအဖြစ် တည်ဆောက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မကြာမီက ပြောကြားထားခဲ့သည်။
လက်ရှိအစိုးရလက်ထက်တွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု တစ်နှစ်ထက်တစ်နှစ် တိုးတက်လာခဲ့ရာ လက်ရှိအခြေအနေတွင် တစ်နိုင်ငံလုံးရှိ အိမ်ထောင်စုများ၏ ၄၄ ရာခိုင်နှုန်းတို့ ဓာတ်အားသုံးစွဲနေနိုင်ကြပြီ ဖြစ်သည်။ လာမည့် ၂၀၂၀ - ၂၀၂၁ ခုနှစ်တွင် အိမ်ထောင်စု ၅၅ ရာခိုင်နှုန်း၊ ၂၀၂၅ -၂၀၂၆ ခုနှစ်တွင် အိမ်ထောင်စု ၇၅ ရာခိုင်နှုန်း၊ ၂၀၃၀-၂၀၃၁ ခုနှစ်တွင် တစ်နိုင်ငံလုံးရှိ အိမ်ထောင်စုအားလုံး ရာနှုန်းပြည့် ဓာတ်အား သုံးစွဲခွင့်ရရှိရေးကို ဦးတည်ရည်မှန်းကာ လုပ်ငန်းများ အကောင်အထည် ဖော်လျက်ရှိရာ တစ်ဖက်တွင် လျှပ်စစ်ကဏ္ဍ၏ အရှုံးပြနေမှုနှင့် စပ်လျဉ်း၍ ပြည်သူများ၏ နားလည်မှုနှင့် ပူးပေါင်းပါဝင်မှုတို့ လိုအပ်လျက်ရှိသည်။
လမ်း၊ တံတားများ အဆင့်မြှင့်တင်တည်ဆောက်ခြင်း၊ လျှပ်စစ်ဓာတ်အား တိုးချဲ့ထုတ်လုပ် ဖြန့်ဖြူးခြင်း တို့သည် ပြည်သူလူထု၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးဖြစ်သကဲ့သို့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအဆောက်အအုံများကို တည်ဆောက်ခြင်းလည်းဖြစ်သည်။ အကျိုးရလဒ်အားဖြင့်လည်း ဒေသတစ်ခုနှင့်တစ်ခု ကူးလူးဆက်သွယ်မှု လျင်မြန်ချောမွေ့ကာ ဆင်းရဲချမ်းသာ ဆူကြုံနိမ့်မြင့်တို့ ကျဉ်းမြောင်း သည်နှင့်အမျှ တိုင်းရင်းသားပေါင်းစုံဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုကြီးအတွင်း သွေးရင်းသားရင်း သံယောဇဉ်တို့ ပိုမိုခိုင်မြဲကာ ပြည်ထောင်စု စိတ်ဓာတ်ပိုမို မြင့်မားလာမည်ဟု ယုံကြည်ပါကြောင်း။ ။


