စိုင်းဇော်လတ်(လင်းခေး)

 

ဝိုင်းမော်မြို့သည် ကချင်ပြည်နယ် မြစ်ကြီးနားမြို့၏ တစ်ဖက်ကမ်းတွင် တည်ရှိသော မြို့ကလေးဖြစ်သည်။ ဧရာ၀တီမြစ်ကူးတံတား(ဗလမင်းထင်)ကို ဖြတ်ကျော်ကာ ၁၂ မိုင်ခရီးအကွာသွားလျှင် ဝိုင်းမော်မြို့သို့ ရောက်ရှိသည်။

 

မြစ်ကြီးနား-ဗန်းမော်-ပူတာအိုသွားရာ လမ်းမကြီးပေါ်တွင် တည်ရှိသောမြို့တစ်မြို့ ဖြစ်သောကြောင့် စည်ကားသာယာလှပသော မြို့တစ်မြို့ဖြစ်သည်ဟု ဆိုနိုင်ပေသည်။ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများပေါင်းစုံ အေးအတူ ပူအမျှ စုပေါင်းမှီတင်းနေထိုင်ရာ ဒေသမြို့ဖြစ်သည်။ ကချင်ပြည်နယ်အတွင်း မျှတသည့်ရာသီဥတုရှိပြီး စိုက်ပျိုးရေးကောင်းမွန် ကာ စီးပွားရေးဖွံ့ဖြိုးတိုးတက်သည့်အနေအထားရှိသော မြို့တစ်မြို့၊ အသွားအလာ အချက် အချာကျသည့် မြို့တစ်မြို့ဟု ဆိုနိုင်ပါပေသည်။ ကချင်ပြည်နယ်အတွင်း မှီတင်းနေထိုင် လျက်ရှိကြသော ရှမ်းတိုင်းရင်းသားလူမျိုးစု ငါးမျိုးအနက် တိုင်းဆာ(မိုင်းသာရှမ်း)လူမျိုးစု များသည်လည်း ဝိုင်းမော်မြို့၌ များစွာနေထိုင်လျက်ရှိကြသည်ကို လေ့လာတွေ့ရှိရသည်။

 

သို့ဖြစ်ပါ၍ စာရေးသူသည် ကချင်ပြည်နယ် ဝိုင်းမော်မြို့ရှိ တိုင်းဆာ(မိုင်းသာရှမ်း)တို့ အများဆုံးနေထိုင်ရာ ပန်းပဲတန်းရပ်ကွက်ရှိ ရိုးရာပန်းပဲလုပ်ငန်းအား ကိုယ်တိုင် လုပ်ကိုင်နေသူ ဦးရွှေကော်၏ လုပ်ငန်းခွင်သို့ရောက်ရှိခဲ့ရာမှ လေ့လာသိရှိခဲ့ရသည့် တိုင်းဆာတို့၏ ရိုးရာပန်းပဲလုပ်ငန်းအကြောင်း သိကောင်းစရာအနည်းငယ်ကို တင်ပြလိုက်ပါသည်။

 

"ကျွန်တော်တို့ တိုင်းဆာ(မိုင်းသာရှမ်း)လူမျိုးတွေရဲ့ ရိုးရာလက်မှုပညာဖြစ်တဲ့ ပန်းပဲ ထုတဲ့ လုပ်ငန်းဟာ ဟိုးရှေးဘိုးစဉ်ဘောင်ဆက် ကာလကတည်းက လုပ်ကိုင်ခဲ့ကြတာပါ။ ကျွန်တော်တို့ထုလုပ်တဲ့ ပန်းပဲပစ္စည်းတွေ ကတော့ လွယ်ဓားရှည်၊ တောင်ယာခုတ်ဓား၊ လယ်ယာသုံးတံစဉ်၊ မီးဖိုချောင်သုံး ဟင်းသီး ဟင်းရွက်နဲ့ အသားငါးလှီးဓား အရွယ်အစား အမျိုးမျိုးတွေကိုထုတ်လုပ်ပါတယ်။ ပြီးတော့ ထင်းခွေ၊ ထင်းခုတ်ဓားမတွေလည်း ထုလုပ် ကြပါတယ်"ဟု ပန်းပဲထုလုပ်မှုပစ္စည်း အမျိုး အစားများနှင့်ပတ်သက်၍ ဦးရွှေဘော်က ပြောကြားသည်။

 

"ဝိုင်းမော်မြို့ကို ရောက်ရှိလာခဲ့ရင် မြို့လယ်မီးပွိုင့်တွေ့မယ်။ အဲဒီကနေလက်ယာ ဘက်ချိုး ဆက်သွားပါက မြစ်ဆိပ်လမ်းဘက်မှာ ပန်းပဲတန်းဆိုတာတွေ့မယ်။ အဲဒီမှာ မိုင်းသာ ရှမ်းရိုးရာပန်းပဲလုပ်ငန်းကို လုပ်ကိုင်နေကြ သူတွေ စုစည်းနေကြတဲ့နေရာပါပဲ"ဟု ၎င်းက ဆက်လက်ပြောပြသည်။

 

ထို့နောက် ပန်းပဲလုပ်ငန်းရှင် ဦးရွှေဘော်သည် ၎င်း၏အလုပ်ရုံ၌ ပန်းပဲထု လုပ်ပုံအဆင့်ဆင့်အား လက်တွေ့ပြသပေးခဲ့ရာ တွင် ပန်းပဲထုလုပ်ရန် ကားလေးသံကို အသုံးပြုရ၏။ သံထည်ပစ္စည်းအရောင်းဆိုင်မှ ဝယ်ယူရသည်။ လုပ်ငန်းစတင်ရန် အိပ်ရာမှ နံနက်စောစောထရသည်။ အရုဏ်တက်စ လုပ်ငန်းစရပါကြောင်း၊ "နံနက်အရုဏ်တက် လာပြီ ပန်းပဲဆရာ အလုပ်စတင်သည် ဓားကောင်းတစ်လက်ရဖို့အတွက် ပန်းပဲဖိုထဲ မီးတွေထည့်၊ မီးတောက်လာတော့ သံကိုဖုတ် (မီးစားခြင်း) ရဲလာပြီဆို ထုဖို့လို သံရဲကြီးကို ပေတုံးပေါ်တင် အားနဲ့အင်နဲ့ ဝိုင်းထုလို့သာ ပင်"ဟူသည့် ပန်းပဲထုကဗျာလေးအား သူရွတ်ဆိုပြလျက် ရိုးရာပန်းပဲလုပ်ခြင်းအား လက်တွေ့ လုပ်ကိုင်ပြသပေးခဲ့သည်မှာ "တိုင်းဆာ"မိုင်းသာရှမ်းတို့၏ ရိုးရာပန်းပဲ ပညာကို ပိုမိုထင်ဟပ်ပေါ်လွင်စေပါသည်။

 

ထိုသို့ထုလုပ်ကြရာ၌ သံကို တစ်မီး၊ နှစ်မီး၊ သုံးမီးဖုတ်ရသည်။ ပထမဦးဆုံး ဓားပုံ ပေါ်လာစေအောင် ပုံသွင်းထုရသည်။ ပုံကြမ်း စထုခြင်းဖြစ်သည်။ ဆက်လက်၍ ပုံကြမ်းထုတ် ထားပြီး ဓားအား ဓားသွားပါး (ထက်မြက်စေ ရန်)ကိုက်ဆွဲရသည်။ ကိုက်(ဂိုက်)ဆွဲအပြီး အသွားထက်ထက်ရရန် တံစဉ်းတိုက်ရသည်။ ဓားချောသပ်ခြင်းဟုဆိုသည်။

 

ထိုသို့ အချောသပ်ကိုင်တွယ်ပြီး ဓားသံ ကို ရေဆေးရသည်။ ဆေးသားတင်ပေးရသည်။ ဆေးသားတင်သော ပန်းပဲဓားက ပို၍ထက် သည်။ လှပသည်။ ထိုအခါ လိုရာသုံးဓားကောင်း တစ်လက်ဖြစ်လာသည်။ ထုလုပ်ပြီးပန်းပဲဓား တစ်လက် အနည်းဆုံး ကျပ်၁၀၀၀၊ ကျပ်၂၀၀၀၊ကျပ် ၃၀၀၀ ဈေးနှုန်းအစားစား၊ ဓားအမျိုးအစားပေါ် မူတည်ကာရောင်းချကြရကြောင်း၊ ဖောက် သည်ယူသူ၊ လက်လီလက်ကားရောင်းချသူ၊ အော်ဒါမှာယူသူ စသည်တို့ဖြင့် ရှေးယခင် ဘိုးဘွားခေတ်မှသည် မျက်မှောက်ခေတ် ယနေ့တိုင်အောင် "အကောင်းဆုံးပန်းပဲဓား ငါတို့တိုင်းဆာပန်းပဲဓား"ဟု ခံယူလျက် ကချင်ပြည်နယ် ဝိုင်းမော်မြို့နေ တိုင်းဆာခေါ် မိုင်းသာရှမ်းတိုင်းရင်းသားလူမျိုးတို့၏ ရှေးရိုးရာ ပန်းပဲလုပ်ငန်းအကြောင်း တစေ့တစောင်း အဖြစ် ရေးသားတင်ပြလိုက်ရပါသည်။

 

တိြက်ူ