မကွေး ၆ ဧပြီ
မကွေးမြို့နယ်၊ မကြီးကန်ကျေးရွာ၊ မဇ္ဈိမဝိဟာရ(အလယ်ကျောင်း)ကျောင်းတိုက်၌ (၅)ကြိမ်မြောက်အဖြစ် (၃၄) ရက်ကြာ ဖွင့်လှစ်သင်ကြားခဲ့သည့် ယဉ်ကျေးလိမ္မာသင်တန်း ၊ သင်တန်းဆင်းပွဲအား ဧပြီလ ၅ ရက်နေ့ ညနေ ၆ နာရီအချိန်က အဆိုပါ ကျောင်းဝင်းအတွင်း၌ ပြုလုပ်ခဲ့ပြီး မင်္ဂလာမောင်မယ်ဆု နှင့် ထူးချွန်ဆု (၂၁)ဆု ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
သင်တန်းတွင် ကျေးရွာနေအခြေခံပညာကျောင်းသားကျောင်းသူ(၂၀ဝ)ဦးတက်ရောက်ခဲ့ပြီး အခြေခံဗုဒ္ဓဝင် ၊ ၃၈ ဖြာ မင်္ဂလာတရား ၊ သိင်္ဂါလောဝါဒ ဆုံးမစာများ ၊ ဓမ္မကျောင်းတော် ပြဋ္ဌာန်းစာအုပ်များ ၊ ဘုရားရှိခိုးစာများကို ကျောင်းထိုင် ဆရာတော် ဘဒန္တ အရှင်တေဇနိယ၏ ကြီးကြပ်မှုဖြင့် အရှင်ဝဏသာရ နှင့် အလက(ရဲကျောင်း)မှ ဆရာမဒေါ်ပြုံးပြုံးဦး အပါအဝင် ဆရာမ(၃)ဦးမှ သင်ကြားပေးခဲ့သည်။
“ ဒီနှစ်မှာ ထူးခြားချက်က မင်္ဂလသုတ်ကိုသင်ကြားပေးရုံသာမကဘဲ ဘဝတစ်လျောက်လုံးမှာ မင်္ဂလာတရား တော်နဲ့အညီ သတိတရနေထိုင်သွားစေဖို့အတွက် ထူးချွန်တဲ့ မင်္ဂလာမောင် ၊ မင်္ဂလာမယ်လေးတွေကို ရွေးချယ်ပြီး ဆုချီးမြှင့်ပေး ခဲ့ပါတယ်။ အခြားဘာသာဝင်တွေက တနဂငေ်္နွနေ့ ၊ သောကြာနေ့တွေအပေါ်မှာ ဘာသာရေးလေးနက်မှုရှိသလို ဥပုသ်နေ့ အပေါ်မှာ ပိုပြီးလေးနက်မှုရှိလာစေဖို့ ကလေးဘဝကတည်းက လက်ဆင့်ကမ်း သင်ကြားပေးမှုတွေ လုပ်ဆောင်နေပါတယ် ” ဟု ဆရာမ ဒေါ်ပြုံးပြုံးဦး က သင်ကြားမှုအပေါ် ရှင်းပြသည်။
သင်တန်းဆင်းပွဲတွင် မဇ္ဈိမဝိဟာရ(အလယ်ကျောင်း)ကျောင်းတိုက်ဆရာတော် ဘဒန္တအရှင်တေဇနိယ က သြဝါဒချီးမြှင့်ခဲ့ပြီး စေတနာရှင်များက လှူဘွယ်ပစ္စည်းများဆက်ကပ်ခြင်း ၊ ထူးချွန်ကလေးများအား ဆုချီးမြှင့်ခြင်း ၊ စည်ဖြိုးသူ ဖောင်ဒေးရှင်း ပရဟိတလူငယ်များက ဂီတအနုပညာများဖြင့် ဖျော်ဖြေခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။ဇေယျတု(မကွေး)



