ရန်ကုန် ၆ ဧပြီ
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းနှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အဖွဲ့ဝင်များသည် ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် သာဓုကန်စက်မှုဇုန်ရှိ Myanmar Pou Chen စက်ရုံသို့ သွားရောက် ကြည့်ရှုလေ့လာခဲ့ကြသည်။
Myanmar Pou Chen စက်ရုံသည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ခွင့်ပြုမိန့်ရယူ၍ ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် Adidas ဖိနပ်ချုပ် လုပ်ငန်းဆောင်ရွက်နေသော စက်ရုံဖြစ်သည်။ အဆိုပါ စက်ရုံတွင် ဝန်ထမ်း အင်အား ၅၀ဝ၀ ကျော်ရှိပြီး နှစ်စဉ် ဖိနပ်အရံ ၅ သန်းကျော် ပြည်ပသို့ တင်ပို့ လျက်ရှိသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား Myanmar Pou Chen စက်ရုံမှ မန်နေဂျင်းဒါရိုက်တာ Mr. Ou, Chin-Nan က စက်ရုံသမိုင်းကြောင်းအား ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် ပြည်တွင်း၊ ပြည်ပမှ ရင်းနှီးမြှုပ်နှံမှု ပိုမိုရရှိစေရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုများ ပိုမိုလာရောက်စေလိုကြောင်း၊ စက်ရုံမှ အလုပ်အကိုင် အခွင့်အလမ်း ၅၀ဝ၀ ကျော် ဖန်တီးပေးနိုင်သည့်အတွက် ဝမ်းသာကြိုဆိုကြောင်း၊ စက်ရုံ၏ ယနေ့လုပ်ငန်းအောင်မြင်မှုများသည် ရင်းနှီးမြှုပ်နှံသူများအတွက် စံနမူနာကောင်းတစ်ရပ် ဖြစ်ကြောင်း၊ အဆိုပါ စက်ရုံ၌ ဝန်ထမ်းများ၏ သက်သာချောင်ချိရေးနှင့် လုပ်ငန်းခွင်သာယာရေး အထူးအလေးထား ဆောင်ရွက်ထားသည်ကို တွေ့ရှိရကြောင်း၊ ယခုအချိန်သည် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် စီးပွားရေး လုပ်ငန်းများ ဆောင်ရွက်ရန် အချိန်အခါကောင်းတစ်ရပ် ဖြစ်ကြောင်း၊ ထပ်မံ၍ ရင်းနှီးမြှုပ်နှံမှု တိုးချဲ့ဆောင်ရွက်သွားရန် အားပေးကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စက်ရုံအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေး၍ ကုမ္ပဏီလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
သတင်းစဉ်


